ချယ်ဆီးအသင်းရဲ့ မယ်လ်မိုနဲ့ ချန်ပီယံလိဂ် ဂိုးပြတ်နိုင်ပွဲက ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၄ ချက်

ချယ်ဆီး ဟာ ဆွီဒင်ချန်ပီယံ မယ်လ်မိုနဲ့ အိမ်ကွင်းပွဲစဉ်မှာ မျှော်လင့်ထားတဲ့ အတိုင်းပဲ ဧည့်သည်အသင်း မယ်လ်မို ဘက်ကို ဂိုးပြတ်သွင်းနိုင်ခဲ့ပါတယ်။

နည်းပြတူချယ်ရဲ့အသင်းအနေနဲ့ ပထမပိုင်းမှာ ၂ ဂိုး၊ ဒုတိယပိုင်းမှာ ၂ ဂိုးသွင်းယူခဲ့ကာ အုပ်စုအမှတ်ပေးဇယားမှာ ဂျူဗင်တပ်ရဲ့အနောက် ဒုတိယနေရာက ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ တွေ့ရတဲ့ ထူးခြားချက် ၄ ချက်ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁) ပထမပိုင်းမှာပဲ ဒဏ်ရာကြောင့် ထွက်ခဲ့ရတဲ့ လူကာကူနဲ့ တီမိုဝါနာ

ဘယ်လ်ဂျီယံသားဟာ ပြီးခဲ့တဲ့ရာသီအစကတည်းက စုစုပေါင်း ၄၃ ပွဲကို အနားမရဘဲ ကစားခဲ့ရတာပါ။ ၁၉ မိနစ် အရောက်မှာ လူကာကူ ကြောင့် ချယ်ဆီး ပင်နယ်တီရခဲ့ပေမယ့် အဲဒီကရတဲ့ဒဏ်ရာကြောင့် သူ ဆက် မကစားနိုင်ခဲ့ပါဘူး။ ဒါ့အပြင် သူ့ရဲ့တိုက်စစ်ကစားဖော် တီမိုဝါနာဟာလည်း ပထမပိုင်းပြီး ခါနီးလေးမှာ ဒဏ်ရာရသွားလို့ လူစားလဲခဲ့ရပြန်တယ်။

၂) ချန်ပီယံလိဂ်မှာ ချယ်ဆီး ဂိုးမိုးရွာနိုင်ခြင်း

ဒီပွဲဟာ တူချယ်လက်ထက် ချယ်ဆီးရဲ့ ချန်ပီယံလိဂ် ပထမဆုံး ဂိုးပြတ်နိုင်ပွဲလည်း ဖြစ်မှာပါ။ ဘာကြောင့်လဲ ဆိုတော့ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်မှာ ဗိုလ်စွဲသွားခဲ့ပေမယ့် ချဲလ်ဆီးဟာ တူချ ယ်ကိုင်တွယ်ပြီးကတည်းက ချန်ပီယံလိဂ်မှာ ၂ ဂိုးထက် ပိုသွင်းနိုင်ခဲ့တာ တစ်ပွဲမှ မရှိခဲ့ဘူး။ ပြီးခဲ့တဲ့ဇန်နဝါရီကတည်းကလည်း ချယ်ဆီး ပွဲတွေရဲ့ ၇၅ ရာခိုင်နှုန်းကျော်ဟာ မိနစ် ၉၀ အတွင်း ၂ ဂိုး ထက် ပိုသွင်းနိုင်ခြင်း မရှိခဲ့တာပါ။

၃) ခြေစွမ်းပြခွင့်ကြုံခဲ့ကြတဲ့ ဟာဗက်ဇ်နဲ့ အိုဒွိုင်းတို့ အတွဲ

ဟာဗက်ဇ်က ၂၃ မိနစ်မှာ လူကာကူအစား လူစားဝင်ခဲ့တာဖြစ်ပြီး အိုဒွိုင်းကတော့ ၄၄ မိနစ်မှာ တီမိုဝါနာ အစား လူစားဝင်ခဲ့တာပါ။ ချယ်ဆီးရဲ့ တတိယဂိုးဟာ အဲဒီ တိုက်စစ် ကစားသမား နှစ်ယောက်ရဲ့ပေါင်းစပ်မှုကနေ ရရှိခဲ့တာပါ။ အခုတော့ လူကာကူနဲ့ ဝါနာတို့ဟာ လာမယ့် နောဝစ်ချ်နဲ့ ပွဲကို မပါဝင်နိုင်ဖို့များနေတာကြောင့် သူတို့နှစ်ယောက်အတွက် အခွင့်အလမ်းကောင်းပါပဲ။

၄) သွင်းဂိုးတွေမှာ ပါဝင်ခဲ့တဲ့ ခံစစ်မှုးများ

အဖွင့်ဂိုးသွင်းခဲ့တဲ့ နောက်ခံလူ ခရစ္စတန်ဆန်ဟာ ဒီရာသီမှာ ချယ်ဆီး အတွက် ဂိုးသွင်းယူခဲ့တဲ့ ၁၄ ယောက်မြောက် ကစားသမားဖြစ်လာခဲ့ပါတယ်။ ဒီလန်ဒန်အခြေစိုက်အသင်းအတွက် ၁၃၇ ပွဲ ကစားပေးထားပေမယ့်လည်း အဲဒီဒိန်းမတ်သားအတွက် ပထမဆုံး ချယ်ဆီး သွင်းဂိုးဖြစ်ခဲ့ပါတယ်။

ခရစ္စတန်ဆန်ရဲ့အဲဒီဂိုးကို ဖန်တီးပေးခဲ့တာကလည်း နောက်ထပ် ချယ်ဆီး နောက်ခံလူဖြစ်တဲ့ သီယာဂို ဆေးလ်ဗားပါ။ ဒါ့အပြင် ဒုတိယပိုင်းမှာ ချယ်ဆီး ရတဲ့ပင်နယ်တီကလည်း တတိယမြောက် ဗဟို ခံစစ်မှုး ရူဒီဂါကြောင့် ဖြစ်ပါတယ်။