လီဗာပူးရဲ့ ချယ်ဆီး အသင်းသား ၃ ဦးကို ခေါ်ယူရေးဟာ အလွန်ဆုံးအားဖြင့် စျေးကွက်ဖွင့်ပြီး ရက် ၂၀ အတွင်း အဖြေပေါ်မည်

လီဗာပူးရဲ့ နွေအပြောင်းအရွှေ့ ပစ်မှတ်တွေထဲမှာ ချယ်ဆီး ကွင်းလယ်လူ မေဆန်မောင့်လည်း ပါဝင်နေပြီး တရားဝင် ကမ်းလှမ်းခွင့်ရမယ်ဆိုရင် ကိစ္စတွေဟာ ခပ်မြန်မြန်ပဲ အပြီးသတ်သွားမယ်လို့ သိရပါတယ်။

The Times မှ သတင်းထောက် Paul Joyce က အသင်းဟာ စျေးကွက် ဖွင့်တာနဲ့ တပြိုင်နက် ကစားသမားသစ်တွေကို ချိတ်ဆက်လိုကြောင်း ရှင်းပြပါတယ်။ ဒီနွေရာသီ လီဗာပူးရဲ့ ရေဒါထဲမှာ ချယ်ဆီးကစားသမား ၃ယောက်ရှိနေပြီး မောင့်နဲ့အတူ ကွင်းလယ်လူ ဂါလယ်ဂါ၊ ခံစစ်မှူး လက်ဗီ ကိုးဝဲလ်တို့ ပါဝင်နေပါတယ်။

ကလပ်ဟာ မောင့်ကို အဓိက အာရုံစိုက်ထားပြီး စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်တော့မယ့် သူ့အတွက် ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး အရေးပါတဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ချယ်ဆီးရဲ့ အကျပ်အတည်းဟာလည်း လီဗာပူးအတွက် အခွင့်အရေး ဖြစ်လာနိုင်ပါတယ်။

ရာသီကြိုဟာ ပုံမှန်အားဖြင့် ဇူလိုင်လ ပထမပတ်မှာ စတင်တာဖြစ်ပြီး ၂၀၂၂-၂၃ ရာသီအတွက် ကလပ်ရဲ့ ဝင်ငွေထွက်ငွေ စာရင်းကို ချိန်ညှိဖို့ရာ ဇွန် ၃၀ က အပြီးသတ်ရက်စွဲ ဖြစ်ပါတယ်။ ချယ်ဆီးအနေနဲ့ သူတို့ရဲ့ ပေါင် သန်း ၅၀၀ ကျော် အသုံးစရိတ်ကို ဟန်ချက်ညီစေဖို့ စျေးကွက် အစမှာတင် ကစားသမား ရောင်းချမှုတွေကို အားစိုက်လုပ်ရမှာဖြစ်ပါတယ်။

“ အင်္ဂလန်မှာ ၂၀၂၃ နွေအပြောင်းအရွှေ့ ကာလက ဇွန်လ ဒုတိယပတ်မှာ ဖွင့်လှစ်ဖွယ်ရှိတာကြောင့် ချယ်ဆီးအနေနဲ့ သူတို့ရဲ့ ဝင်ငွေထွက်ငွေစာရင်း မျှတအောင်လို့ အရောင်းစာရင်းတွေကို ရက်၂၀အတွင်းမှာ အပြီးသတ် လုပ်ဆောင်ရတော့မှာပါ ” လို့ Paul Joyce က ဆိုပါတယ်။

ချယ်ဆီးဟာ မောင့်နဲ့ ဂယ်လာဂါ နှစ်ယောက်ပေါင်း ပေါင်သန်း ၁၀၀ ကျော် ရရှိဖို့ မျှော်လင့်နေတာပါ။ ဒါပေမယ့် ချယ်ဆီးတို့ ကစားသမား ထုတ်ရောင်းဖို့ မဖြစ်မနေ လိုအပ်နေတာရယ်၊ မောင့်ရဲ့ အန္တရာယ်များတဲ့ စာချုပ် အခြေအနေရယ်ကို အသုံးချပြီး လီဗာပူးက လျှော့ဈေးနဲ့ အရောင်းအဝယ်ဖြစ်ဖို့ မျှော်လင့်နေတာပါ။

အခုချိန်ထိတော့ အသင်းရဲ့ ပစ်မှတ် ၃ ဦးလုံးကို ရောင်းချဖို့ ချယ်ဆီးက ငြင်းဆန်ထားပေမယ့် ကလော့ပ်က အခြားသော ပစ်မှတ်တွေကို ဦးတည်သွားနိုင်တာမို့ သူတို့ အရမ်းတော့ အချိန်ဆွဲလို့ မရတာပဲ ဖြစ်ပါတယ်။