လာမယ့်ရာသီ လီဗာပူး ပြန်လာနိုင်ပါ့မလား သံသယ မေးခွန်းတွေကို ခေါင်းမော့ ပြန်ဖြေတဲ့ ကိုနတေး

လီဗာပူးဟာ စိတ်ပျက်စရာ ဘောလုံးရာသီကို ဖြတ်သန်းနေရပေမယ့် နောက်ရာသီမှာ စိတ်ဓါတ်တွေ ကျဆင်းနေမှာ မဟုတ်ဘဲ ဒီရာသီ နိမ့်ပါးမှုတွေကို တုံ့ပြန်ဖို့ အရမ်းကို စိတ်ဓာတ်တက်ကြွနေလိမ့်မယ်လို့ အီဘရာဟီမာ ကိုနတေးက အခိုင်အမာ ပြောဆိုလိုက်ပါတယ်။

၆နှစ်ကျော်အတွင်း အဆိုးရွားဆုံး စွမ်းဆောင်ရည်တွေကြောင့် ပရီးမီးယားလိဂ် ဇယားအလယ်ကို ကျဆင်းသွားတဲ့ လီဗာပူးဟာ ထိပ်ဆုံးလေးနေရာနဲ့ လွဲချော်ဖို့ သေချာသလောက်ဖြစ်နေပြီး ဥရောပဝင်ခွင့် တစ်နေရာအတွက် အသည်းအသန် တိုက်ပွဲဝင်နေရတာ ဖြစ်ပါတယ်။

အသင်းရဲ့ လိဂ်ဖလားနဲ့ အက်ဖ်အေဖလား ကာကွယ်ဖို့ မျှော်လင့်ချက်တွေက စောစောစီးစီး အဆုံးသတ်သွားခဲ့ပြီး ချန်ပီယံလိဂ်မှာတော့ ၁၆သင်းအဆင့်မှာတင် ရီးရဲလ်မက်ဒရစ်ကို ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်ရာသီမှာကော လီဗာပူး ပြန်လာနိုင်ပါ့မလားလို့ သံသယတွေ ရှိနေကြတယ်။

ဒီရာသီလို စိတ်ပျက်စရာကောင်းမှုတွေ အပြီး နောက်ရာသီမှာ လီဗာပူးအနေနဲ့ စိတ်အားတက်မှုတွေ ရှာဖွေဖို့ရာ ခက်ခဲမှာလားဆိုတဲ့အပေါ် ကိုနာတေးက “ လုံးဝ ဆန့်ကျင်ဘက်ပဲ။ ပိုပြီးတော့တောင် တွန်းအားပေးသလို ဖြစ်လိမ့်မယ်။ အရမ်းကို စိတ်ဓာတ်တက်ကြွနေမှာပါ လို့ တုန့်ပြန်ပါတယ်။

” နောက်ရာသီမှာ ကျွန်တော်တို့ ကံမကောင်းစွာနဲ့ ထိပ်ဆုံးလေးသင်းထဲ မဝင်ပဲ ချန်ပီယံလိဂ် မကစားရဘူးဆိုပါစို့။ အဲ့လိုဆိုရင်တောင် ကျွန်တော်တို့က ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်လို ကြီးမားတဲ့ အရာတွေအတွက် တိုက်ပွဲဝင်ဖို့ အခွင့်အရေး ရှိပါသေးတယ်။

တစုံတခုလို ကိစ္စကြီးတွေကို လုပ်ဆောင်ဖို့အတွက် ကြီးမားတဲ့ ဆွဲဆောင်မှုတစ်ခုပါပဲ။ လာမယ့်ရာသီမှာ ဘာလို့ လိဂ်ဖလားအတွက် မကြိုးစားရမှာလဲ။ ကျွန်တော်တို့မှာ လွန်ခဲ့တဲ့ ၅နှစ်လုံး လီဗာပူးမှာရှိခဲ့တဲ့ စိတ်ဓာတ်နဲ့ ဆန္ဒပြင်းပြမှုမျိုး ရှိပါသေးတယ် ” လို့ ကိုနတေးက ဆိုပါတယ်။

အခြားသော အသင်းတွေက အများကြီး အင်အားတောင့်တင်းလာတာမို့ အရင်ရာသီတွေလို မန်စီးတီးနဲ့အပြိုင် နှစ်သင်းတည်း လိဂ်ကို စိုးမိုးထားမှုမျိုး ဖြစ်လာနိုင့်ပါမလားလို့လည်း မေးခွန်းထုတ်ခဲ့ကြတယ်။

ကိုနတေးက ” အသင်းတွေက တိုးတက်ပြောင်းလဲလာတယ်။ လူသစ်ရှာဖွေတာတဲ့ ပတ်သက်ပြီး ခင်ဗျားတို့ လာမေးတာတော့ လူမှားနေပြီ။ ကျွန်တော်တို့ရဲ့ တာဝန်က ကွင်းထဲမှာ ခြေစွမ်းပြဖို့ပါပဲ။

လွန်ခဲ့တဲ့ ၅နှစ်အတွင်း ကစားသမားများစွာက ရောက်လာပြီး ထွက်သွားခဲ့ကြတယ်။ ဒါပေမယ့် ဒါတွေက ကျွန်တော်တို့ကို ပိုပြီး အင်အားတောင့်တင်းစေဖို့ပါပဲ။ ကစားသမားတွေ အနေနဲ့ ကျွန်တော်တို့က ကွင်းထဲမှာ လုပ်နေတဲ့အရာအပေါ်မှာပဲ အာရုံစိုက်နိုင်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။