ကလော့ပ် လုပ်ခဲ့တဲ့ အံ့အားသင့်စရာ ရွေးချယ်မှု၊ စိတ်ဓါတ်ပိုင်း အားနည်းခဲ့ခြင်းနဲ့ ယူနိုက်တက် ရှုံးပွဲမှ စကားစမြည်း ပြောစရာများ

လီဗာပူးအသင်းဟာ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲလုံးကို အနိုင်မရသေးသလို ပြိုင်ဘက်ကြီး ယူနိုက်တက်ကိုပါ အရေးနိမ့်ခဲ့မှုနဲ့အတူ ခက်ခဲတဲ့ ဘောလုံးရာသီတစ်ခုထဲ ဝင်ရောက်လာခဲ့ပါပြီ။

ဒီပွဲအတွင်း ပြောစရာဖြစ်လောက်တဲ့ ကိစ္စတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲနဲ့အတူ စည်းလုံးနေတဲ့ ယူနိုက်တက်

ယူနိုက်တက်ဘက်က အသင်းပိုင်ရှင်တွေကို ဆန္ဒပြတာကြောင့်ကော ပြီးခဲ့တဲ့ အပတ်တွေက ရှုံးပွဲတွေကြောင့်ပါ လီဗာပူးကို ရင်ဆိုင်ရာမှာ စုစည်းမိနေကြပါတယ်။ ဘာမှ ဆုံးရှုံးစရာ မရှိတော့ဘူးလို့ ခံယူထားတဲ့ ပြိုင်ဘက်အသင်းရဲ့ ပေါက်ကွဲမှုမှာ လီဗာပူးအသင်းဘက်ကတော့ ဒါဟာ ဒါဘီပွဲဆိုတဲ့ အသိစိတ်တောင် မကပ်ခဲ့ပါဘူး။

မြင်နေကြ ပြေးနှုန်းတွေ၊ ဖိအားပေးမှုတွေ မရှိခဲ့ဘဲ လွဲမှားတဲ့ ပေးချက်တွေ၊ နားလည်မှု လွဲနေကြခြင်းနဲ့အတူ ဖရိုဖရဲဆန်လှတဲ့ လီဗာပူးအသင်းသားတွေကို မြင်နေရတာဟာ ပိုပြီး နာကျင်ရပါတယ်။ ဘောလုံးပွဲတစ်ပွဲမှာ စိတ်ဓါတ်ပိုင်းနဲ့ ရလဒ်ပိုင်း တစ်ခုလောက် ရှုံးရင်ကို လက်ခံဖို့ ခက်ခဲချိန်မှာ အသင်းက နှစ်ခုလုံးမှာ နောက်ကောက်ကျခဲ့ပါတယ်။

မှားယွင်းခဲ့တဲ့ ကလော့ပ်ရဲ့ ဆုံးဖြတ်ချက်

ကလော့ပ်ဟာ အခုချိန်မှာ ရွေးချယ်စရာတွေ အရမ်းရှားပါးနေပေမယ့် အံ့ဩစရာ၊ စိတ်ဆိုးစရာ၊ ဒါမမှမဟုတ် စွန့်စားမှုဖြစ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကြီး တစ်ခုကိုတော့ လုပ်ခဲ့ပါသေးတယ်။ ဖာဘင်ညိုကို ကျော်ပြီး ဟန်ဒါဆန်ကို ကွင်းလယ်ခံစစ်မှာ ကစားစေခဲ့ကာ မီလ်နာနဲ့ ဟာဗေးအတွဲကို ပွဲထုတ်ခဲ့တယ်။

ကွင်းလယ်တစ်ခုလုံးက မိနစ် ၃၀ လောက်ထိ ဆိုးဆိုးရွားရွား အခြေအနေတွေကို ရင်ဆိုင်နေရပြီး ပွဲချိန်အစောပိုင်းမှာ အိမ်ရှင်အသင်းရဲ့ စိတ်အားထက်သန်တဲ့ ဘောလုံးဖြတ်ကျော်သွားမှုတွေ အများကြီး ရင်ဆိုင်ခဲ့ရပါတယ်။ အားလုံး မေးနေကြတာက ဘာလို့ ဖာဘင်ညိုအစား မီလ်နာဖြစ်ရသလဲ ဆိုတာပါပဲ။

ဒုတိယဂိုးမှာတော့ ဟန်ဒါဆန်ရဲ့ အမှား ဖြစ်ခဲ့တာပါ။ ဆိုးရွားတဲ့ ပထမထိချက်၊ လွဲချော်သွားတဲ့ ဖျက်ထုတ်မှု၊ ကြားဖြတ်ယူရာမှာ ကျရှုံးခဲ့တဲ့နောက် ရက်ဖို့ဒ်က ဘောလုံးရရှိခဲ့ပြီး အဆုံးသတ် ဂိုးသွင်းယူသွားခဲ့ပါတယ်။ မိနစ်အနည်းငယ်အကြာ သူကို လူစားလဲခဲ့ပါတယ်။

အထနှေးနေတာလား နာကျင်မှုက မရုန်းထနိုင်သေးတာလား

အခုတော့ ပရီးမီးယားလိဂ် ဇယားထိပ်က အသင်းနဲ့ ၇မှတ် အကွာပါ။ ယာဂင်ဟာ အထနှေးနေတယ်ဆိုတဲ့ ပြောဆိုမှုကို ပြီးခဲ့တဲ့အပတ်က လက်မခံခဲ့ပါဘူး။ အခုတော့ နောက်ထပ်တစ်ပွဲမှာ ထင်ထင်ရှားရှား မြင်လိုက်ရပါတယ်။

ယူနိုက်တက်ရဲ့ ပထမသွင်းဂိုး မတိုင်ခင် အသင်းက ဂိုးပေါက်ကန်သွင်းမှု တစ်ကြိမ်မှ မရခဲ့ဘူး၊ ဂိုးပေါက်ခြိမ်းခြောက်မှု မရှိခဲ့ဘူး၊ ဂိုးသွင်းခွင့် ဖန်တီးမှုကလည်း အရမ်း နည်းပါးခဲ့ပါတယ်။ ဆာလာရဲ့ ခေါင်းတိုက်ဂိုး မတိုင်ခင် အသင်း ဂိုးရဖို့ အနီးစပ်ဆုံး ဖြစ်ခဲ့တာဆိုလို့ ယူနိုက်တက်တို့ own goal သွင်းခါနီး အခြေအနေပဲ ရှိခဲ့တာပါ။

အသင်းဟာ အရှေ့ကနေစပြီး ပြင်းပြမှုမရှိ၊ လျင်မြန်မှုမရှိ၊ အင်တိုက်အားတိုက် မရှိသလို ကောင်းကောင်း ချိတ်ဆက်ကစားနိုင်မှုလည်း မရှိခဲ့ပါဘူး။ တစ်ပိုင်းစီရဲ့ နောက်ဆုံး ၁၅ မိနစ်အတွင်း တိုးတက်လာတဲ့ ကစားပုံဟာ ဘယ်နည်းနဲ့မှ လုံလောက်ကောင်းမွန်မှု မရှိခဲ့ပါဘူး။

မနှစ်ကရာသီကုန် ဝုဗ်၊ ရီးရဲလ်မက်ဒရစ်ပွဲတွေမှာ ဖလားနှစ်လုံး လက်လွတ်ပြီးတည်းက အခုချိန်ထိ ခံစားချက်တွေအောက်က ရုန်းမထွက်နိုင်ဆဲ ဖြစ်နေကြသလားပါပဲ။

တစ်ဦးချင်း ခြေစွမ်းကင်းမဲ့နေမှု

ပြိုင်ပွဲတွေ မကစားရတာကြာလို့ သံချေးတက်နေတာလား၊ ရောင်းချခံရမယ့် အလားအလာ မရှိလို့လား။ ဒါမှမဟုတ် ဘယ်လိုနေနေ ပွဲထွက်ခွင့်ရမှာမို့လား။ ပဲလေစ့်ပွဲအပြီး တစ်ပတ်လုံး နားချိန်ရထားသလို ဒီလို ရာသီအစမှာတင် ပွဲပန်းနေတာတော့ သေချာပေါက် မဟုတ်ပါဘူး။

ဒါပေမယ့် အသင်းလုပ်ပြခဲ့တဲ့ စွမ်းဆောင်ရည် အဆင့်အတန်းနဲ့ ဒဏ်ရာရ ကစားသမား အရေအတွက်က အတော်လေး စိုးရိမ်စရာ ကောင်းပါတယ်။ ဒဏ်ရာရနေတဲ့ သူတွေက ပုံမှန်ခြေစွမ်းပြန်ရဖို့ အချိန်ယူရတတ်လို့ သူတို့ကို ဘေးဖယ်ထားရင်တောင် အနည်းဆုံး ကစားသမားလေးယောက်ရဲ့ ခြေစွမ်းဟာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ထရန့်ဟာ ခံစစ်ပိုင်းအရ လုံလောက်မှုမရှိခဲ့သလို သူ့ရဲ့ ဖြတ်တင်ပေးပို့မှုတွေကလည်း အရင်ကလောက် မကောင်းခဲ့ပါဘူး။ တစ်ပွဲစီမှာ ကောင်းမွန်တဲ့ ပေးပို့မှုနဲ့ ပြေးလွှားမှု တစ်ကြိမ် နှစ်ကြိမ်လောက်ပဲ ရှိခဲ့ပါတယ်။ အယ်လစ်ဆန်ရဲ့ အလွှမ်းမိုးနိုင်ဆုံး လက်စွမ်းတွေ ပျောက်ဆုံးနေသလို ဗန်ဒိုက်ကလည်း သူ့အဆင့်အတန်းနဲ့ မိုင်ပေါင်းများစွာ ဝေးကွာနေတာပါ။

ဆာလာဟာ ပြိုင်ဘက်တွေကို အလွယ်တကူ ကျော်ဖြတ်နိုင်ခြင်း၊ ဂိုးသွင်းအခွင့်အရေး ဖန်တီးနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် အနည်းဆုံးတော့ ဘယ်သူမှ မဖန်တီးပေးတာတောင် သူ့ဘာသူ တစ်ဂိုးသွင်းနိုင်ပါသေးတယ်။

ဖာမင်နိုထံက ဘာတစ်ခုမှ မမြင်ရတာ အတော်လေး ကြာနေပါပြီ။ ဟော့ဆန်ခေတ်က ဂျိုးကိုးလ်လိုမျိုး ကွင်းလယ်မှာ တိုးဝှေ့နေပေမယ့် ဘောလုံပိုင်ဆိုင်မှုရတဲ့အခါ ဘာလုပ်ရမယ် အသိရှိပုံမရပါဘူး။ ဘောလုံးထိချက်တွေက အထင်ကြီးဖို့ မကောင်းဘဲ ပြတ်သားခိုင်မာမှုတွေ ကင်းမဲ့နေပါတယ်။

အသင်းခေါင်းဆောင်ရဲ့ ဆိုးရွားတဲ့ ခြေစွမ်း၊ ဒါဝင်ရဲ့ အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်နဲ့ ပွဲပယ်ခံရခြင်း၊ ဗန်ဒိုက်ရဲ့ အူကြောင်ကြောင် ခံစစ်ကာကွယ်ပုံတွေ၊ ဂျုံး ကိတ်တာ ချိန်ဘာလိန် သီယေဂိုတို့ရဲ့ မဆုံးနိုင်တဲ့ ဒဏ်ရာတွေနဲ့အတူ လက်ရှိ လီဗာပူးအသင်းမှာ အကောင်းမြင်စရာ အတော်လေး နည်းပါးနေမှာ ဖြစ်ပါတယ်။

အနည်းဆုံး ကိုယ်ဘာသာ ပြန်ရှာတွေ့ဖို့

ပရိသတ်တွေဟာ ဒီတစ်ပတ် မတိုင်ခင်ထိ ဖလားပြိုင်ပွဲမှာ နောက်ကောက်ကျနေတာနဲ့ ပတ်သက်လို့ စောဒက တက်ခဲ့ကြခြင်း သိပ်မရှိပါဘူး။ ဒါပေမယ့် ဒီရာသီမှာ ဒီလိုတွေဖြစ်လာနိုင်တာကိုတော့ ရိပ်စားမိထားကြပါတယ်။

အခုတော့ ဖလားပြိုင်ပွဲကို မေ့ထားရပါမယ်။ ဘာလို့လဲဆိုတော့ တစ်ရာသီ ရမှတ် ၉၀ ကျော်ဖို့ မျှော်လင့်နေတယ်ဆိုရင် အခု ရနိုင်မယ့် ၉ မှတ်မှာတင် ၇ မှတ်ကို ဆုံးရှုံးထားပါပြီ။ လီဗာပူးဟာ ဖလားစိန်ခေါ်မှုနဲ့ ပတ်သက်တဲ့ အရာအားလုံးကို လျစ်လျူရှုပြီး တစ်ပွဲစီအတွက်ကို အာရုံစိုက်ဖို့ လိုအပ်ပါတယ်။

အခုချိန်မှာ လုပ်နိုင်တာက နောက်တစ်ပတ် ဘုန်းမောက်နဲ့ပွဲ မတိုင်ခင် ပြတ်သားထိရှမှုနဲ့ တိုက်စစ်ထိရောက်မှုကို ပြန်လည်ရှာဖွေရမှာပါ။ အန်ဖီးမှာ တန်းတက်အသင်းနဲ့ တွေ့ရမှာဖြစ်လို့ မဖြစ်မနေ အနိုင်ယူရမှာ သေချာပါတယ်။