စူပါဆန်းဒေး တွေ့ကြမယ့် ချဲလ်ဆီး Vs စပါး လန်ဒန်ဒါဘီ ပွဲအတွက် ပေါမာဆန်ရဲ့ သုံးသပ် ခန့်မှန်းချက်

ချဲလ်ဆီးနဲ့ စပါးအသင်းတို့ ထိပ်တိုက်တွေ့တဲ့ လန်ဒန် ဒါဘီပွဲကတော့ ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂ မှာ စောစောစီးစီး ယှဉ်ပြိုင် ကြရပြီ ဖြစ်ပါတယ်။

စပါးအသင်းနဲ့ အတူ လက်စွမ်းထက်နေတဲ့ နည်းပြ ကွန်တီက တချိန်က ချဲလ်ဆီး နည်းပြဟောင်း ဖြစ်ပြီး သူ တခြားလန်ဒန်ကလပ်နဲ့ စတန်းဖို့ဘရစ်ချ်ထံ ပြန်လာမယ့် ပွဲက စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

ဒီနှစ်သင်းဟာ လာမယ့် သြဂုတ် ၁၄ ရက်၊ တနင်္ဂနွေနေ့၊ ည ၁ဝ နာရီ၊ စတန်းဖို့ဘရစ်ချ် ကွင်းမှာ ယှဉ်ပြိုင်ကြမှာပါ။ ဒီပွဲ အတွက် သုံးသပ်ရေး ဂုရုဆရာကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် က အခုလို သုံးသပ်ခန့်မှန်းထားပါတယ်။

” တကယ်စိတ်ဝင်စားစရာ ကောင်းမယ့် ပွဲပါပဲ။ သူတို့ ၂ သင်းကြားက အားပြိုင်မှု တခုတည်းကြောင့် မဟုတ်ပါဘူး။ ချဲလ်ဆီး က စပါး ကို မနှစ်တုန်းက ၄ ကြိမ်တောင် အနိုင်ရထားခဲ့ ပါတယ်။

ဒါပေမယ့် ရာသီကုန်မှာ အမှတ်ပေး ဇယား မှာလည်း ၁၀ မှတ်ကျော်တောင် ကွာဟပြီး အဆုံးသတ်စေခဲ့တာပါ။ စပါးတို့ ဘယ်လောက် ကောင်းကောင်း ချဲလ်ဆီး အတွက် မှုစရာ မရှိဘူးဆိုတဲ့ သဘောကို ဆောင်နေသလိုပါပဲ။

ဒါကို ဒီရာသီမှာ စပါး ချိုးဖျက်ပြနိုင် မလား ဆိုတာက စိတ်ဝင်စားစရာ အကောင်းဆုံး မေးခွန်း ဖြစ်နေမှာပါ ။ ပွဲစဉ် ၁ မှာ စပါး က ဖြစ်ချင်တဲ့ ပုံစံ ဖြစ်ချင်တဲ့ ရလဒ်အတိုင်း ဖွင့်နိုင်ခဲ့ ပေမယ့် ချဲလ်ဆီး ကတော့ အဲဗာတန် ကို ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင် ကစားနိုင်ခဲ့ပါတယ်။

ဒီတပွဲမှာသာ စပါး တို့ ချဲလ်ဆီး ကို ထပ်ပြီး အရေးနိမ့်ဦးမယ် ဆိုရင်တော့ လန်ဒန် သားတွေရဲ့ စိတ်ထဲမှာ ချဲလ်ဆီး အပေါ်ကို ရောက်နိုင်တော့မှာ မဟုတ်ဘူး ဆိုတဲ့ စွဲလမ်းမှုတွေ ဝင်ရောက်သွားနိုင်ပါတယ် စပါး ရဲ့ ချန်ပီယံဆု စိန်ခေါ် နိုင်စွမ်းကိုပါ မေးခွန်းထုတ်ကြတော့မှာပါ။

ဒီပွဲက ချဲလ်ဆီး ထက် စပါး ရဲ့ စမ်းသပ်ချက် လို့ ပြောရင် ပိုပြီး မှန်နိုင်ပါတယ်။ ကြည့်လို့ ကောင်းပြီး အနိုင်အရှုံး အဖြေထွက်ဖို့ ခက်ခဲမယ့် ပွဲပါပဲ။” လို့ ပေါမာဆန်က ဆိုထားပါတယ်။

ပေါမာဆန်ကြီးရဲ့ ခန့်မှန်းထားတဲ့ ပွဲ ရလဒ် ကတော့ ချဲလ်ဆီး ၁-၁ တော့တင်ဟမ် စပါး ဖြစ်ပါတယ်။