လာမယ့်ရာသီ ချယ်ဆီးကို လျော့မတွက်ကြနဲ့လို့ ပေါလ်မာဆန် သတိပေး

ရာသီကြိုမှာ ချယ်ဆီးအသင်းက အာဆင်နယ်အသင်းကို ရလဒ်ကောင်း မယူနိုင်ခဲ့ပေမယ့် တူချယ်ရဲ့ အသင်းဟာ ချန်ပီယံလိဂ်ဖလားအတွက် ရေပန်းစားအသင်းပါလို့ ပေါလ်မာဆန်က ဆိုပါတယ်။

ဒီနွေမှာ ကစားသမား အထွက်များမှုနဲ့ အဝင် နောက်ကျမှုတွေကြောင့် ချယ်ဆီးတို့ ရုန်းကန်နေခဲ့ရတယ်။ ဒါပေမယ့်လို့ လူသစ်တွေ အထိုင်ကျလာခဲ့ရင် တောင့်တင်းတဲ့ ချယ်ဆီး ခံစစ်ကြောင်းနဲ့ လက်ရှိ ကွင်းလယ်၊ တိုက်စစ် စုဖွဲ့မှုတွေ ပေါင်းစပ်မှုအရ ဆုဖလားတွေကို အဓိက စိန်ခေါ်မယ့် အသင်းအဖြစ် မာဆန်က မြင်ပါတယ်။

ပေါလ်မာဆန်ရဲ့ ပြောဆိုမှုက ” ချယ်ဆီးက ကူလီဘာလီနဲ့ စတာလင်တို့ကို ခေါ်ယူထားပြီး ကွန်ဒီလည်း ရောက်လာဖို့ ရှိနေပါတယ်။ သူတို့ကို ဆေးဗားနဲ့ ပေါင်းလိုက်ရင် ချာလိုဘာ၊ ဆာတို့လို ကစားသမာေးတွနဲ့ဆိုရင် ချယ်ဆီးခံစစ်က အတော်လေးကို တောင့်တင်းသွားပါလိမ့်မယ်။

တစ်ခုပဲ ပြောစရာက ကူလီဘာလီနဲ့ ဆေးဗားတို့က အသက် မငယ်တော့ပါဘူး။ ဒါပေမယ့် ချန်ပီယံလိဂ်ဖလားလို အဓိက ဆုဖလားကြီးကို အနိုင်ရဖို့ဆိုရင် ချယ်ဆီးလို တောင့်တင်းတဲ့ ခံစစ်ကြောင်းရှိဖို့ လိုပါတယ်။

တူချယ်ရဲ့ ခံစစ်ကြောင်းက တောင့်တင်းသလို ကွင်းတစ်ဘက်ခြမ်းမှာ ဘာမဆိုဖြစ်သွားအောင် ဖန်တီးနိုင်တဲ့ ရိစ်ဂျိမ်းနဲ့ ချီးဝဲလ်လို ကမ္ဘာအကောင်းဆုံး အစွန်လူတွေ ရှိနေပါတယ်။ ကွင်းလယ်မှာ ကိုဗာဆစ်၊ ကန်တေ၊ ဂျောင်ဂျင်ဟို၊ ကော်နာတို့ ရှိနေပါတယ်။

စတာလင်ကလည်း တိုက်စစ်မှာ ထူးထူးခြားခြားတွေ လုပ်ပြနိုင်တာကြောင့် ကျနော် အထင်ကြီးရတဲ့သူပါပဲ။ သူက ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းမှာ အဓိက ကစားသမား ဖြစ်ခဲ့ပါသေးတယ်။

ချယ်ဆီးကို ချန်ပီယံလိဂ်ဖလား အနိုင်ရဖို့ ရေပန်းစားအဆင့်အဖြစ် အဆင့် ၃ မှာထားချင်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အဓိက ကစားသမားတွေ အထိုင်ကျလာရင် ရေပန်းစားအဆင့်ရဲ့ အဆင့် ၂ နဲ့ အဆင့် ၁ နေရာတွေထိတောင် ထားနိုင်ပါတယ်။

တစ်ခုပဲ စိတ်ပူစရာက သူတို့မှာ ပုံမှန် ဂိုးသွင်းသမား မရှိပါဘူး။ အဲ့တာက သူတို့အတွက် ပြဿနာကြီး ဖြစ်လာမယ်လို့တော့ မထင်မိပါဘူး။ ကျစ်လစ်တဲ့ ခံစစ်နဲ့အတူ ကျဉ်းမြောင်းတဲ့ ဂိုးရလဒ်တွေနဲ့လည်း သူတို့ အနိုင်ယူနိုင်ပါတယ် ” ဆိုပြီး သုံးသပ်ခဲ့တာပဲ ဖြစ်ပါတယ်။