တီမိုဗာနာ ချဲလ်ဆီးကနေ ထွက်ခွာချင်နေတယ် ဆိုတဲ့ သတင်းတွေ အပေါ် နည်းပြတူချယ် တုန့်ပြန် ပြောဆို

ချဲလ်ဆီးနည်းပြ သောမတ်စ် တူချယ်က တိုက်စစ်မှုး တီမိုဗာနာ ဟာ ဒီနွေမှာ စတမ်းဖို့ဒ် ဘရစ်ချ်ကနေ ထွက်ခွာဖို့ တွန်းအားပေး နေတယ် ဆိုတဲ့ သတင်းတွေကို ငြင်းပယ်ခဲ့ပါတယ်။

အသက် ၂၆ နှစ် အရွယ် တိုက်စစ်မှူးဟာ ၂၀၂၀ ခုနှစ်မှာ လိုက်ပ်ဇစ်အသင်းကနေ ပေါင် ၄၇.၅ သန်းနဲ့ ပြောင်းရွှေ့ လာပြီးကတည်းက အကျိုးသက်ရောက်မှု ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသူဖြစ်ပြီး ချဲလ်ဆီးအတွက် ၈၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၂၃ ဂိုး သွင်းယူပေးထားတာပါ။

စကိုင်းစပေါ့ ဂျာမနီ ရဲ့သတင်းအရ နည်းပြ တူချယ်နဲ့ ဗာနာတို့ကြားက တင်းမာမှုကြောင့် ဂျာမန်တိုက်စစ်မှူးဟာ ယခုနွေရာသီ အပြောင်းအရွှေ့ကာလအတွင်း အပြောင်းအရွှေ့ပြုလုပ်ဖို့ ကြိုးပမ်းပြီး ဘွန်ဒက်စ်လီဂါကို ပြန်လည် ပြောင်းရွှေ့နိုင်ခြေရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီသတင်း နောက်ကွယ်မှာ အကြောင်းအရာတစ်ခုခု ရှိနေလားလို့ မေးမြန်းခဲ့တဲ့အချိန်မှာ တူချယ်က အခုလို ငြင်းဆန်ခဲ့ပါတယ်။

“ကျွန်တော်ကတော့ အဲဒီလို မထင်ပါဘူး။ ကျွန်တော် အဲဒီအကြောင်းကို မသိပါဘူး။ တီမို ကျွန်တော့်ကို အဲဒီအကြောင်း ဘာမှမပြောပါဘူး။ ချဲလ်ဆီးမှာ သူ လုပ်စရာရှိတာကို သူ လုပ်ချင်နေမယ်လို့ပဲ ကျွန်တော် ထင်ပါတယ်။ သူ့မှာ သက်သေပြသစရာ ရှိနေပါသေးတယ်”လို့ တူချယ်က ဆိုခဲ့တာပါ။

တူချယ်က ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေကို ၎င်းရဲ့ လူစာရင်းဟာ ပိုမို ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ လိုအပ်တာကြောင့် နောက်ထပ် ကစားသမားသစ်ခေါ်ယူမှုတွေ ပြုလုပ်ပေးဖို့ သတိပေးခဲ့ပါတယ်။

“တစ်စုံတယောက်က ကျွန်တော့်ကို လွန်ခဲ့တဲ့ နှစ်တွေတုန်းက ပြောခဲ့တာ တစ်ခုကို ကျွန်တော် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။

ခင်ဗျားသာ အောက်ကို ဆင်းမယ့် လှေကားထစ်ပေါ်မှာ ရှိနေရင် ခင်ဗျားရဲ့ အနေအထားကို ထိန်းထားနိုင်ဖို့ ဆက်ပြီး လျှောက်နေရမယ်တဲ့။ အဲဒီအတိုင်း ဖြစ်နေတာပဲ။ ပရီးမီးယားနဲ့ အဆင့်မြင့်တဲ့ အားကစားတွေမှာ ယေဘုယျအားဖြင့် အရမ်းကို တောင်းဆိုမှုများပြီး ခင်ဗျားရဲ့ အနေအထားကို ထိန်းသိမ်းချင်ရင် တိုးတက်အောင် လုပ်နေမှ ရမယ်။

ကျွန်တော်တို့ရဲ့ အိမ်စာတွေကို လုပ်ရပါမယ်။ တခြားအသင်းတွေက အိပ်နေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ အခုလက်ရှိ အချိန်မှာ ရှိနေတာထက်ပိုပြီးတော့ ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် လုပ်ဖို့ လိုအပ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။