ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ ပြန်တွေ့ချင်တယ်လို့ ထုတ်ပြောလိုက်တဲ့ မိုဆာလာ

လီဗာပူးအသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှုး မိုဟာမက် ဆာလာကတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ ပြန်တွေ့ပြီး မကြေပွဲ နွှဲချင်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

မာဆေးဆိုဒ်သားတွေဟာ ညက ဗီလာရီးရဲလ်ကို ၃-၂၊ နှစ်ကျော့ပေါင်း ရလဒ် ၅-၂ နဲ့ အနိုင်ယူကာ ပဲရစ်မှာ ကန်မယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ညက စပိန်မြေကပွဲမှာ ပထမပိုင်းမှာ ဂိုးတွေပေးထားခဲ့ရတာကြောင့် စိုးရိမ်စရာ ဖြစ်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ သွင်းဂိုးတွေနဲ့ အတူ လီဗာပူး ပြန်လာနိုင်ခဲ့တာပါ။ တဖက်က ဆီမီးဖိုင်နယ် အတွဲ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ကတော့ ဒီည ဘာနေဗျူးမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

ကစားသမားတွေဟာ များသောအားဖြင့် ဗိုလ်လုပွဲမှာ ဘယ်အသင်းနဲ့တွေ့ချင်သလဲ မေးခွန်းတွေကို တည့် ဖြေကြားလေ့ မရှိပေမယ့် ဆာလာကတော့ ရီးရဲလ်မက်ဒရစ်ကို တချိန်က ဗိုလ်လုပွဲ ရှုံးကြွေး ပြန်ဆပ်ချင်ကြောင်း တွေဝေမနေဘဲ ထုတ်ဖော် ပြောဆိုခဲ့တာပါ။

ပွဲပြီး အင်တာဗျူးမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဘယ်အသင်းနဲ့တွေ့ချင်သလဲ အမေးကို ဆာလာက –

” ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော် မက်ဒရစ်နဲ့ တွေ့ချင်တာပါ။ စီးတီးကလည်း ခက်ခဲတဲ့ ပြိုင်ဘက်အသင်းပါပဲ။ ဒီရာသီ ကျနော်တို့ သူတို့နဲ့ ပွဲတချို့တောင် ကစားထားရတယ်။ ဒါပေမယ့် ကျနော့် တကိုယ်စာ ခံစားမှု အရ ဆိုရင် မက်ဒရစ်နဲ့ ပိုတွေ့ချင်ပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့မှ တွေ့ချင်တာ အကြွေးဆပ်စရာ ရှိလို့လားလို့ ထပ်မံ မေးမြန်းခံရရာမှာတော့ ဆာလာက ရယ်မောရင်း ” ဘာလို့လဲ ဆိုတော့ ကျနေ်ာတို့ ဗိုလ်လုပွဲမှာ သူတို့ကို ရှုံးဖူးတယ်လေ။ ဒီတော့ သူတို့နဲ့ ပြန် ကစားချင်တာပါ။ ဒီတခါတော့ ကျနေ်ာတို့ နိုင်မယ် မျှော်လင့်ပါတယ်။ ” လို့ ဆိုခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ၂၀၁၈ တုန်းက လီဗာပူးအသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ၃-၁ နဲ့ အနိုင်ယူပြီး ဗိုလ်စွဲ ခဲ့ဖူးပါတယ်။ ထိုစဉ်က ဆာလာ ပွဲအစောပိုင်းမှာတင် ရာမို့စ်နဲ့ ထိခိုက်မိပြီး ပခုံး ဒဏ်ရာ ပြင်းထန်စွာ ရခဲ့ကာ လူစားလဲ ထွက်ခဲ့ရပါတယ်။

ဒီတကြိမ်မှာတော့ လီဗာပူးက မေ ၂၈ ရက်မှာ မန်စီးတီး ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ် နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ ထိုနှစ်သင်း ကလည်း ပထမအကျော့ အင်္ဂလန်မြေမှာ ကစားခဲ့စဉ်က မန်စီးတီး ၄-၃ နဲ့ အနိုင်ရထားခဲ့တာ ဖြစ်ပြီး ရီးရဲလ်က ဒီည သူတို့ အိမ်ကွင်းမှာ ဘယ်လို တုန့်ပြန်လာမလဲ စောင့်ကြည့်ရဦးမှာပါ။