ဇနီးဖြစ်သူအပြင် လီဗာပူးနဲ့ စာချုပ်သစ်ချုပ်စေခဲ့တဲ့ နောက်ထပ် အကြောင်းရင်းကို ကလော့ပ် ဖွင့်ပြော

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ အသင်းနဲ့အတူ ၂၀၂၆ ခုနှစ် ဘောလုံးရာသီ အကုန်အထိ ဆက်ရှိနေမယ့် သက်တမ်းတိုး စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပါပြီ။

လီဗာပူးနဲ့ စာချုပ်ချုပ်ရမယ်လို့ ကလော့ပ်ကို အသိပေးခဲ့သူက သူ့ရဲ့ ဇနီးသည်ဖြစ်ပါတယ်။ ကလော့ပ်က ဇနီးသည်ရဲ့ ဆန္ဒအတိုင်း လီဗာပူးမှာ ဆက်နေဖို့ကို လက်ထောက် နည်းပြ ပပ်လင်ဒါးနဲ့ တိုင်ပင်ခဲ့တယ်။ ပပ်က သူလည်း ဆက်နေမယ်လို့ သဘောတူခဲ့တာကြောင့် အခုလို စာချုပ်သစ်ချုပ်ဖို့ ဖြစ်လာခဲ့တာပါပဲ။

ကလော့ပ်နဲ့ လင်ဒါ အပြင် တွဲဘက်ကြီး ပီတီ ဦးဆောင်တဲ့ နည်းပြအဖွဲ့ဝင်တွေဟာ လီဗာပူးအသင်းမှာ ကောင်းမွန်တဲ့ အုပ်ချုပ်မှု အဖွဲ့တစ်ခုကို တည်ထောင်ထားနိုင်တာပါ။ သူတို့က လီဗာပူးအသင်းမှာ သူတို့ရဲ့ ပရော်ဂျက်တွေကို ရှေ့ဆက်ရဦးမယ်လို့ ယုံကြည်ခြင်းနဲ့အတူ အတူတကွ စာချုပ်သစ်ကို လက်မှတ်ရေးထိုးကြတာဖြစ်ပါတယ်။

ကလော့ပ်က “ ကျနော် အခြားတစ်ယောက်နဲ့ အရေးကြီးတဲ့ ဆွေးနွေးမှု ပြုလုပ်ဖို့ လိုခဲ့ပါတယ်။ သူက ပပ်လင်ဒါးပါ။ လီဗာပူးနဲ့ စာချုပ်ချုပ်ခဲ့တဲ့ အဓိက အကြောင်းရင်းက သူ့ကြောင့်လို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ သူက စစ်မှန်တဲ့ အင်အားပေးသူပါ။ အားလုံးလည်း သူ့ကို သိပါတယ်။ ဒီလူက အရမ်းကို စိတ်ဓါတ်ပြင်းပြသူဖြစ်သလို ကျနော်တို့ကြား ဆက်နွယ်မှုက ဘောလုံးအသင်း တစ်သင်းကြောင့် ဆိုတာထက် အများကြီး ပိုပါတယ်။

ကျနော်က လီဗာပူးနဲ့ စာချုပ်သက်တမ်း တိုးရအောင်လို့ ပြောချိန်မှာ သူက ‘လုပ်လိုက်လေ။ ငါလည်း ပါမယ် ’ လို့ တုန့်ပြန်တယ်။ ဒီတော့ စာချုပ်သစ်ကိစ္စ ဆက်ပြီး ဆွေးနွေးညိနှိုင်းဖို့ လမ်းပွင့်သွားတာပေါ့။ ဒါကြောင့်ပဲ အခု စာချုပ်ချုပ်နိုင်ခဲ့ပြီဆိုတာ ပြောဖို့ ဒီနေရာမှာ ကျနော် ထိုင်နေတာပါ။

ကျနော်ရဲ့ မန်နေဂျာကာလတွေမှာ ဘောလုံးလောကအတွင်း လူတွေ အများကြီးနဲ့ ကံကောင်းစွာ သိကျွမ်းခွင့် ခဲ့ပါတယ်။ ဒါပေမယ့် ပပ်လင်ဒါးလောက် ကစားပွဲတွေအတွက် စိတ်အားထက်သန်ပြီး စွမ်းအင်ကြီးသူမျိးကို လုံးဝ မမြင်ဖူးပါဘူး။

ပပ်နဲ့ ပီတီတို့ကလည်း ကျနော်နဲ့အတူ စာချုပ်သစ်တွေ ချုပ်ကြပါမယ်။ ဒီတော့ စာချုပ်သစ်အတွက် လက်မှတ်ထိုးဖို့ ဆုံးဖြတ်ရာမှာ ကျနော်တို့တွေ အတူတကွ ဆက်ပြီး အလုပ်လုပ်ရမယ်ဆိုတာ သေချာခဲ့တာကလည်း အရေးပါခဲ့ပါတယ်။

အရေးကြီးက သူတို့နဲ့အတူ ကျနော်တို့ရဲ့ ပရော်ဂျက်တွေကို ဆက်ပြီး လုပ်ခွင့်ရနေပါတယ်။ လီဗာပူးအသင်းအတွက် သူတို့တွေ ယူဆောင်လာပေးတာတွေက မယုံနိုင်စရာတွေပါပဲ။ ဒီကနေ့ သတင်းကောင်းဟာ ကျနော်တို့ အားလုံးကို ပျော်ရွှင်စေတယ်။ ပပ်၊ ပီတီတို့နဲ့အတူ ဆက်ပြီး အလုပ်တွဲလုပ်ရမှာအတွက် ဝမ်းမြောက်မိပါတယ် ” လို့ ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။