အာဆင်ဝင်းဂါး ပြောပြတဲ့ ဆာလာကို တစ်ပတ် ပေါင် ၄ သိန်း ပေးသင့်တဲ့ အကြောင်းရင်း (၄) ချက်

ပရီးမီးယားလိဂ် မန်နေဂျာဟောင်း အာဆင်ဝင်းဂါးက လီဗာပူးအသင်းဟာ ဆာလာကို သက်တမ်းတိုးသင့်တဲ့ အကြောင်းရင်း (၄) ချက် ရှိတယ်လို့ ထောက်ပြပါတယ်။

ဝင်းဂါးကြီးကတော့ ဆာလာရဲ့ အရမ်း ကြံ့ခိုင်မှု၊ အခုချိန်ထိ ကောင်းမွန်နေသေးတဲ့ မြန်နှုန်း၊ ကမ္ဘာထိပ်တန်း ကစားသမားတစ်ယောက်ရဲ့ အဆင့်အတန်းနဲ့ ဒီရာသီ သူ့ရဲ့ သွင်းဂိုးတွေအရ ကြည့်မယ်ဆိုရင် တစ်ပတ် ပေါင် ၄ သိန်းကတော့ ပေးသင့်တယ်လို့ မှတ်ချက်ပေးခဲ့တယ်။

အာဆင်ဝင်းဂါးက ” တစ်ပတ် ၄ သိန်းလား? ဒီမယ် အခြေအနေတိုင်းက ခြားနားပါတယ်။ ဆာလာရဲ့ ဒဏ်ရာမှတ်တမ်းကို ကြည့်မယ်ဆိုရင် ဘယ်တော့မှ ပွဲတစ်ပွဲတောင် မလွဲဖူးပါဘူး။ အဲ့လောက်က ပေးရပါမယ်။

ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းတွေ ကောင်းမွန်မှု အပေါ်လည်း မူတည်တာပေါ့။ သူက မြန်တယ်၊ အရမ်း မြန်တယ်။ အခု နည်းနည်းလေး ကျသွားတယ်ဆိုပေမယ့် သူက သိပ်ကို မြန်နေဆဲပါပဲ။ အကယ်လို့ သူက ကြံ့ခိုင်မှု လစ်မစ်ပြည့်သွားလို့ နှေးကွေးလာပြီဆိုရင်တော့ အဲ့လုပ်ခက မပေးသင့်ဘူးပေါ့။

မိုဆာလာကို တစ်ပတ် ပေါင် ၄ သိန်း ပေးသင့်တာက သူဟာ ရော်နယ်ဒိုနဲ့ မက်ဆီ ရောမွေထားတဲ့ ကစားသမားဖြစ်လို့ပါပဲ။ သူက ဘောလုံးနဲ့အတူ ပြေးလွှားနိုင်တယ်၊ အဆုံးသတ် ဧရိယာမှာ ဘောလုံး ပေးနိုင်ပါတယ်။ သူက အဆုံးသတ်ပိုင်းမှာ ဘောလုံးပေးမှုနဲ့ ပတ်သက်လို့ အများကြီး တိုးတက်လာပါတယ်။

သြဂုတ်လ အစကနေ အာဖရိကဖလားပြိုင်ပွဲအထိ သူက ကမ္ဘာအကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ ဒီရာသီမှာ သူ့ရဲ့ သွင်းဂိုးတွေက သိပ်ကောင်းတယ်ဆိုတာကို ကျနော် မြင်ထားရတယ်။ သူကိုယ်တိုင်ကလည်း သိပ်ကောင်းပါတယ်။

ဆာလာနဲ့ မာနေးလို ကစားသမားတွေကို ဘယ်သူမှ လက်လွတ်ခံချင်မှာ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ သူတို့က လီဗာပူးအသင်းနဲ့အတူ စတားဖြစ်လာကြတာပါ။ သူတို့က လီဗာပူးအသင်း သမိုင်းရဲ့ အစိတ်အပိုင်းတောင် ဖြစ်နေပါပြီ ” လို့ ရှင်းပြခဲ့တာဖြစ်ပါတယ်။

ဆာလာဟာ ဒီရာသီမှာ လီဗာပူးအတွက် ပြိုင်ပွဲစုံ ၃၅ ပွဲ ကစားပြီး ကိုယ်တိုင် ၂၈ ဂိုး သွင်းယူကာ ဂိုးထောက်ပံ့မှု ၁၀ ကြိမ် လုပ်ထားနိုင်တာဖြစ်တယ်။ သူ့ရဲ့ စာချုပ်ဟာ ၂၀၂၃ ခုနှစ်မှာ ကုန်ဆုံးဖို့ ရှိနေကာ အခုချိန်ထိ အသင်းနဲ့ သဘောတူညီမှု မရသေးပါဘူး။

ကစားသမားဘက်က (သို့) အေးဂျင့်ဘက်က တစ်ပတ်လုပ်ခ ပေါင် ၅ သိန်း တောင်းဆိုတယ်လို့ အသံတွေ ထွက်နေပြီး လီဗာပူးအသင်းဘက်ကလည်း ကလပ်ရဲ့ လုပ်ခ ပေးချေမှုကို ဆာလာအတွက်ဆိုပြီး ချိုးဖောက်မှာ မဟုတ်ဘူးလို့ အသံထွက်နေတာ ဖြစ်ပါတယ်။