ပဲလေစ့်ကို သရေကျအပြီး လီဗာပူးအသင်းကို မက်ဆေ့တစ်ခု ပေးပို့တဲ့ ဘာနာဒို ဆေးဗား

ဘာနာဒို ဆေးဗားက ပဲလေစ့်ကို သရေကျတဲ့ ပွဲစဉ်အပြီးမှာပဲ လီဗာပူးအသင်းကို မက်ဆေ့တစ်ခု ပေးပို့လာပါတယ်။

မန်စီးတီးဟာ အမှတ်ပေးဇယားမှာ လီဗာပူးကို ရမှတ်တွေ အများကြီး ဖြတ်ထားနိုင်ခြင်း မရှိတော့ပါဘူး။ လက်တလောမှာ သူတို့က တစ်ပွဲပိုကစားပြီး ၄ မှတ် အသာရနေကာ ဒီအပတ် အာဆင်နယ်ပွဲကို လီဗာပူးအသင်း အနိုင်ရမယ်ဆိုရင် နှစ်သင်းကြား ၁ မှတ်ပဲ ကွာဟတော့မှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ရာသီကုန်ထိ အမှတ်ပေးပွဲ ၁၀ ပွဲ ကစားဖို့ ရှိနေပြီး ပွဲစဉ် အားလုံးကို အနိုင်ရမယ်ဆိုရင် မန်စီးတီးကို ကြည့်နေစရာ မလိုပါဘဲ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်နိုင်ဖို့ ရှိနေပါတယ်။

ဘာနာဒိုကတော့ သူတို့အသင်း အခြေအနေက လီဗာပူးထက် ပိုကောင်းပါသေးကြောင်းနဲ့ ယာဂင်ရဲ့ အသင်းဟာ အီသီဟက်မှာ လာကစားရဦးမှာပါလို့ ထုတ်ပြောခဲ့တာဖြစ်တယ်။

ပဲလေစ့်ပွဲအပြီး ဘာနာဒိုက ” သရေကျတာထက် နိုင်ပွဲရတာကတော့ ပိုကောင်းမှာပေါ့။ ကျနော်တို့လည်း နိုင်ခဲ့ချင်ပါတယ်။ လီဗာပူးထက် တစ်ပွဲပိုကစားထားတဲ့ အနေအထားမှာ ၆ မှတ် အကွာအနေအထားကို ရယူလိုချင်ခဲ့ပါတယ်။

အခု ၄ မှတ် ကွာနေပါတယ်။ သူတို့က အာဆင်နယ်နဲ့ ကစားရဦးမှာပါ။ ကျနော်တို့က ဆောက်သမ်တန်နဲ့ အက်ဖ်အေပွဲ ကစားရဖို့ အနားယူရမှာဖြစ်ပါတယ်။ အမှတ်ပေးပွဲ ၉ ပွဲ ကစားဖို့ ကျန်နေပြီး ခက်ခဲမယ့် ပွဲစဉ်တွေက ကျနော်တို့ကို စောင့်ကြိုနေပါပြီ။ အဲ့ပွဲတွေကို ရင်ဆိုင်သွားမှာပါ။

အမှတ်ပေးဖလားအတွက် ကျနော်တို့ တိုက်ခိုက်နေကျ ပုံစံတွေအတိုင်း ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ လီဗာပူးထက်တော့ ကျနော်တို့ရဲ့ အခြေအနေက ပိုကောင်းတယ်လို့ ထင်မိတယ်။ သူတို့က ကျနော်တို့ အိမ်ကွင်းမှာ လာရောက် ယှဉ်ပြိုင်ရမှာပါ ” လို့ ဆိုခဲ့တာပါ။

နှစ်သင်းဟာ ဧပရယ်လ ၁၀ ရက်နေ့ အီသီဟက်မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်တယ်။ အဆိုပါပွဲဟာ ဒီရာသီ အင်္ဂလန်လိဂ်ရဲ့ ထိပ်ဆုံးနေရာကို ဘယ်အသင်း ရရှိသွားမလဲဆိုတာအတွက် အဆုံးအဖြတ် ပေးနိုင်မယ့် ပွဲစဉ်တစ်ပွဲ ဖြစ်လာဖို့တောင် ရှိနေတာဖြစ်ပါတယ်။