ချဲလ်ဆီးကွင်းလယ်သစ် ဆာအူးလ်နဲ့အတူ နည်းပြ တူချယ် ခင်းကျင်းလာနိုင်တဲ့ ကစားကွက် ၃ ခု

ချဲလ်ဆီးအသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးရက်တွင် အက်သလက်တီကိုကွင်းလယ်လူ ဆာအူးလ်နီဂွက်ဇ်အား အပြီးသတ် ခေါ်ယူနိုင်ခဲ့ပါတယ်။ အသက်၂၆နှစ်သားကို မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူးအသင်းတို့က စိတ်ဝင်စားမှု ရှိခဲ့ပေမယ့် ချဲလ်ဆီးကသာ အမိအရ ခေါ်ယူခဲ့ပါတယ်။

လီဗာပူးနဲ့ပွဲမှာ ကွင်းလယ်လူ ကန်တေဒဏ်ရာ ရရှိသွားတာကြောင့် ချဲလ်ဆီးအနေနဲ့ ကွင်းလယ်ပိုင်းမှာ လူအင်အား ဖြည့်တင်းခဲ့တာ ဖြစ်ပါတယ်။ ခြင်္သေ့ပြာတွေရဲ့ လူအင်အားက တဖြည်းဖြည်း အင်အားတောင့်တင်းလာနေပြီး ဆာအူးလ်လည်း ရောက်လာပြီ ဖြစ်လို့ယခုနှစ် ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိနေတာပါ။

ဒါကြောင့် ဆာအူးလ်နဲ့အတူ ချဲလ်ဆီးအသင်း ခင်းကျင်းလာနိုင်တဲ့ ကစားကွက် ၃ခုကို ဖော်ပြပေးလိုက်ပါတယ်။

၃-၄-၂-၁

ပွဲထွက် – မန်ဒီ၊ အဇ်ပီလီကျူတာ၊ ခရစ္စတန်ဆန်၊ ရူဒီဂါ၊ ရီစီဂျိမ်းစ်၊ ဆာအူးလ်၊ ကန်တေ၊ မားကို့စ်အလွန်ဆို၊ မောင့်၊ ဟားဗက်ဇ်၊ လူကာကူ

၃-၄-၂-၁ ကစားကွက်က ချဲလ်ဆီးအသင်းထံ ရောက်လာတာနဲ့တစ်ပြိုင်နက် တူချယ် အသက်သွင်းခဲ့တဲ့ ကစားဟန်ပါ။ ချဲလ်ဆီးအသင်းက အဖွင့်၃ပွဲကစားပြီးတာနှင့် အညီ ဘယ်သူတွေက ပွဲထွက်ခွင့် ရမလဲဆိုတာ သိသာစေခဲ့ပါတယ်။
ဆောလ်က ကွင်းလယ်ဗဟိုမှာ တိုက်ရိုက်အစားဝင်နိုင်တယ် ကန်တေနဲ့အတူ တွဲဖက်ပါတနာ ဖြစ်လာနိုင်တယ်။

အက်သလက်တွင် အဲဒီနေရာမှာ နှစ်များစွာ ကစားလာခဲ့တဲ့အတွက် ဆာအူးလ် ကောင်းစွာ ကစားနိုင်ပြီး ခံစစ်နဲ့တိုက်စစ်ကို ဟန်ချက်ညီအောင် ချိတ်ဆက်ပေးနိုင်ပါတယ်။

၃-၅-၂

ပွဲထွက် : မန်ဒီ၊ အဇ်ပီလီကျူတာ၊ ဆေးလ်ဗား၊ ရူဒီဂါ၊ ရီစီဂျိမ်းစ်၊ ကန်တေ၊ ဆာအူးလ်၊မောင်၊ အလွန်ဆို၊လူကာကူ၊ဝါနာ

မန်စီးတီး၊ လီဗာပူးတို့လို ခံစစ်ဖြိုခွင်အားခက်တဲ့ အသင်းကြီးတွေနဲ့ရင်ဆိုင်ရာမှာ တူချယ်အနေနဲ့ ၃-၅-၂ကို တန်ပြန်တိုက်စစ်အားနဲ့အသုံးချနိုင်တယ်။ မေဆင်မောင့်ကို လူကာကူအတွက် အဓိကပံ့ပိုးပေးပြီး အထောင်တိုက်စစ်မှာ ဝါနာ၊ လူကာကူ အတွဲကို သုံးလို့ရပါတယ်။

လိုက်ပ်ဇစ်မှာ ဝါနာက အထောင်တိုက်စစ်တစ်ယောက်ကိုသာ ပြိုင်ဘက် အာရုံစိုက်နေရင် ကောင်းစွာ ကစားပေးနိုင်သူ ဖြစ်ပြီး ဂိုးတွေ သွင်းပေးတတ်ပါတယ်။

ကွင်းလယ်မှာ ဆာအူးလ်၊ ကန်တေး၊ မောင့်တို့နဲ့ဆိုရင် ခံစစ်၊ တိုက်စစ်မျှပြီး တန်ပြန် တိုက်စစ်ဆင်ရာမှာလည်း ကောင်းကောင်းကြီး အဆင်ပြေလို့နေပါတယ်။

၄-၃-၃

ပွဲထွက် : မန်ဒီ၊ ရီစီဂျိမ်းစ်၊ ဆေးလ်ဗား၊ ရူဒီဂါ၊ ချီဝဲလ်၊ ဆာအူးလ်၊ ကန်တေ၊ ဂျော်ဂျင်ဟို၊ ဟားဗက်ဇ်၊လူကာကူ၊ မောင့်

အမှန်အတိုင်းပြောရရင် တူချယ်က ခံစစ်မှာ လေးယောက်တန်းတွဲသုံးတာ အတော်ရှားပါတယ်။ ၄-၃-၃ဆိုရင် ညာခြမ်းမှာ အဇ်ပီလီကျူတာနှင့် ရီစီဂျိမ်းစ်တို့ထဲက တစ်ယောက်ကိုသာ ထားသုံးလို့ရမှာပါ။ ဗဟိုခံစစ်မှာလည်း အဇ်ပီလီကျူတာကို သုံးလို့ရနိုင်ပေမယ့် သီယာဂိုဆေးလ်ဗား၊ ရူူဒီဂါတို့လို့တစ်ယောက်ချင်း မာမာထန်ထန်ကစားနိုင်မယ့်သူကိုသာ တွဲသုံးနိုင်ပါတယ်။ ဒါအပြင် ခံစစ်တိုက်စစ် မျှတစွာ ကစားနိုင်တဲ့ ချီဝဲလ်ကို ဘယ်နောက်ခံမှာ သုံးလို့ရပါတယ်။

ကွင်းလယ်မှာဆိုရင် ကန်တေ၊ဂျော်ဂျင်ဟိုနဲ့အတူ ဆာအူးလ်က ပိုတိုက်စစ်လိုက်နိုင်ပါတယ်။ ဂျော်ဂျင်ဟိုကို တူချယ်က ကွင်းလယ်ခံစစ်သမားအသွင် ပိုသုံးတတ်ပြီး ကန်တေ၊ ဆာအူးလ်က တောင်ပံတိုက်စစ်တွေနဲ့ ချိတ်ဆက် ဆော့ရနိုင်ပါတယ်။ တိုက်စစ်တွင်လည်း လီဗာပူးနဲ့၁-၁ပွဲက ထုတ်သုံးသလို မောင့်က လူကာကူ၊ ဟားဗက်ဇ်တို့နဲ့အတူ တောင်ပံ တိုက်စစ်သမားအဖြစ် တွဲဖက်သုံးနိုင်ပါတယ်။