အိပ်ပျက်ညနဲ့ စိတ်ပျက်စရာ ကျရှုံးခန်းကနေ အတင်း ပြန်ရုန်းထခဲ့ရကြောင်း ဝန်ခံလာတဲ့ ဘာနာဒိုဆေးလ်ဗား

အက်ဖ်အေဖလား ဆီမီးဖိုင်နယ် အနိုင်ဂိုးသွင်းယူမှုနှင့်အတူ သူ့ရဲ့ဥရောပပြိုင်ပွဲ ပင်နယ်တီလွဲချော်မှုကနေ ပြန်လည်ရုန်းထပြီးဖို့ ခံစားချက်မျိုးစုံကို ဖြတ်သန်းခဲ့ရကြောင်း ဘာနာဒိုဆေးလ်ဗားက ဝန်ခံခဲ့ပါတယ်။

ပေါ်တူဂီကွင်းလယ်ကစားသမားဟာ စနေနေ့က ဝင်ဘလေတွင် ချဲလ်ဆီးကို ၁-၀ ဂိုးဖြင့်အနိုင်ရရှိမှုတွင် ဖိုင်နယ်သို့ရောက်ရှိနိုင်ဖို့ မန်စီးတီးအတွက် နောက်ကျဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဟာ ဗုဒ္ဓဟူးနေ့က ရီးရဲလ်မက်ဒရစ်ကိုရှုံးနိမ့်ကာ ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရပြီးနောက် ၃ ရက်မပြည့်မီတွင် ချဲလ်ဆီးနှင့် ကစားခဲ့ရတာဖြစ်ပါတယ်။

ဆေးလ်ဗားဟာ ၈၄ မိနစ်တွင် ဂိုးသွင်းပြီးနောက် ပြင်းထန်တဲ့ ခံစားချက်များစွာကို ထုတ်ဖော်ပြသခဲ့ပြီး အကြီးအကျယ်အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

ဆေးလ်ဗားက “ကျွန်တော်တို့အားလုံးအတွက် အလွန် စိတ်ပျက်စရာကောင်းတဲ့ ရက်သတ္တပတ်တစ်ခုအပြီးမှာ အနိုင်ရရှိခဲ့ပြီး ဖိုင်နယ်သို့တက်လှမ်းဖို့နဲ့ နောက်ထပ်ဆုဖလားတစ်ခုရဖို့ အခွင့်အရေးရသွားတာ ကောင်းပါတယ်။ ကျွန်တော်တို့ ပျော်ပါတယ်”

“ဗုဒ္ဓဟူးနေ့ဟာ ကျွန်တော့်အတွက် စိတ်ပျက်စရာကောင်းတဲ့ညပါပဲ။ အရမ်းခက်တယ်၊ ပြီး ပထမညကဆိုရင် သိပ်အိပ်မပျော်ပါဘူး။ ဒုတိယညမှာတော့ နည်းနည်းပိုကောင်းပြီး တတိယညမှာ တစ်ညလုံးနီးပါး အိပ်ပျော်ပါတယ်”

“အဲဒါမြင်တဲ့အတိုင်းပါပဲ။ ဒါဟာ ဘောလုံးပါပဲ ကျွန်တော်တို့က ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်ပြီး အဲဒီခံစားချက်တွေကို ကိုင်တွယ်ဖြေရှင်းရမှာပါ”

“ဒီအသင်းရဲ့ တုံ့ပြန်ပုံက အမြဲတမ်းကောင်းပါတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ ပုံစံကောင်းကို ပြသခဲ့ပြီး ဘာပဲဖြစ်ဖြစ် အတူတူ ရပ်တည်ကာ ဆက်လုပ်သွားရပါမယ်” လို့ ပြောဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ အက်ဖ်အေ ဖလား ဗိုလ်လုပွဲမှာတော့ မနှစ်ကလိုပဲ ယူနိုက်တက်နဲ့ ပြန်တွေ့နေပြီး မန်ချက်စတာ ဒါဘီ ဖိုင်နယ်ပွဲ ကစားရမှာ ဖြစ်ပါတယ်။