ဘရိုက်တန်နဲ့ ရိုးမား ပွဲ သွားကြည့်ခဲ့တာက ကိုယ်တိုင် ကင်းထောက်လုပ်တာလား ဖြေရှင်းချက်ထုတ်ခဲ့တဲ့ ပိုချက်တီနို

ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက ပြီးခဲ့တဲ့ အပတ် ကြာသပတေးနေ့ညနေက ဘရိုက်တန်နဲ့ ရိုးမားတို့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်ကို ကင်းထောက်ခရီးစဉ်အဖြစ် သွားရောက်ကြည့်ရှုခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေကို ငြင်းပယ်ခဲ့ပါတယ်။

ဘရိုက်တန်ဟာ ပထမအကျော့တုန်းက ရိုးမားအိမ်ကွင်းမှာ ၄-၀ နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ကြာသပတေးနေ့ညက ဒုတိယအကျော့ အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင်ရခဲ့ပေမယ့်လည်း ၂ ကျော့ပေါင်း ၄-၁ နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

အဲဒီပွဲစဉ်မှာ ထူးခြားခဲ့တာကတော့ အေးမက်စ်ကွင်းက ပွဲကြည့်စင်ပေါ်မှာ ချဲလ်ဆီးနည်းပြ ပိုချက်တီနို တက်ရောက်ကြည့်ရှုခဲ့တာဖြစ်ပြီး ဘရိုက်တန်အတွက် အလုပ်လုပ်ပေးခဲ့တဲ့ အားကစားဒါရိုက်တာ ပေါလ် ဝင်စတန်လေနဲ့အတူ ကြည့်ရှုခဲ့တာဖြစ်ပါတယ်။

ပိုချက်တီနိုကို ဘရိုက်တန်ကွင်းမှာ မြင်တွေ့ခဲ့ရတာကြောင့် ချဲလ်ဆီးနည်းပြဟာ လာမယ့်နွေရာသီ ကစားသမားသစ်ခေါ်ယူမှုအတွက် ကင်းထောက်နေတာများလားလို့ ပရိသတ်တွေက စိတ်လှုပ်ရှားခဲ့ကြပါတယ်။

ဒါပေမယ့် နည်းပြ ပိုချက်တီနိုကတော့ ဧပြီလ ၂၀ ရက်နေ့မှာ ကစားရမယ့် စင်ရော်တွေနဲ့ပွဲမတိုင်ခင် ဘရိုက်တန်ကစားတာကို တိုက်ရိုက်ကြည့်ချင်လို့ သွားကြည့်ခဲ့တာသာဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

”ကင်းသွားထောက်တာမဟုတ်ပါဘူး။ အဲဒီလိုမဟုတ်ဘူး။ အဲဒါက ကျွန်တော့် အလုပ်မဟုတ်ဘူးလေ။ ဟင့်အင်း။ ကျွန်တော်တို့ လာမယ့် ၃ ပတ်မှာ ဘရိုက်တန်မှာ ကစားသွားရမှာမို့လို့ သွားကြည့်တာပါ။ ဘောလုံးပွဲတိုက်ရိုက်ကြည့်ရှုဖို့ အခွင့်အရေးကောင်းဖြစ်ခဲ့တာအမှန်ပါပဲ။

ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ ဘောလုံးပွဲထိုင်ကြည့်ဖို့ အချိန်မရှိလို့ပါ။ ကျွန်တော်တို့ဘဝမှာ ဘောလုံးပွဲကြည့်ရတာကို နှစ်သက်ကြတယ်။ အဲဒါက အရမ်းကောင်းတဲ့ အခွင့်အရေးပဲ။ ဘာလို့လဲဆိုတော့ ကော့ဘ်ဟမ်ကွင်းကနေဆို ဒီကို ၄၅ မိနစ်ပဲ ကားစီးရတယ်။ ပွဲစခါနီး နောက်ဆုံးအချိန်ကျမှ သွားကြည့်ကြမယ်ဆိုပြီး ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြတာပါ။

ခင်ဗျားက ပွဲကြည့်ပရိသတ်တစ်ယောက်ပဲဖြစ်နေတဲ့အခါမှာ ပွဲကြည့်ရတာက ကောင်းတယ်လို့ ထင်ပါတယ်။ ခင်ဗျား ကွင်းဘေးစည်းမှာ ရှိနေတဲ့အချိန်မှာ ခံစားရတာထက်စာရင် ပွဲကို စိတ်အေးလက်အေး ပျော်ပျော်ပါးပါးကြည့်နိုင်တာက ပိုကောင်းပါတယ်။

ရိုးမား၊ ဘရိုက်တန်တို့ပွဲကလည်း ကြည့်လို့ကောင်းခဲ့တယ်လို့ ထင်ပါတယ်။ ဂျေဆူးစ်(ပီးရက်ဇ်)က အဆင်မပြေဘူးလား။ အဆင်ပြေခဲ့ပါတယ်။ ဂျေဆူးစ်လည်း အဲဒီမှာရှိနေခဲ့ပါတယ်။ သူက ပေါလ်ရဲ့ ဘေးမှာထိုင်နေခဲ့တာပါ”လို့ ပြောဆိုခဲ့ပါတယ်။