လီဗာပူး၊ ချယ်ဆီး အပါအဝင် ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ အံ့ဖွယ် လွဲချော်ခဲ့တဲ့ ဥရောပမှ နာမည်ကြီး အသင်းများ

ဥရောပဘောလုံးရာသီမှာ ထိပ်တန်းလိဂ် ၅ ခုကတော့ ချန်ပီယံအသင်းတွေ အဖြေထွက်ခဲ့ပြီဖြစ်သလို ဥရောပဝင်ခွင့်၊ တန်းဆင်းအသင်းတွေလည်း ပြီးပြတ်သလောက်ဖြစ်ခဲ့ပါပြီ။

လာမယ့် ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို လွဲချော်ခဲ့ပြီဖြစ်တဲ့ ထိပ်တန်းအသင်းတွေလည်း ရှိနေခဲ့ပါတယ်။ ပရိသတ်တွေနဲ့ ရင်းနှီးတဲ့အသင်းတွေဖြစ်ကာ ထိပ်တန်းအသင်း ၈ သင်းကို လာမယ့်နှစ် ချန်ပီယံလိဂ်မှာ မြင်တွေ့ရတော့မှာမဟုတ်ပါဘူး။

လွဲချော်ခဲ့တဲ့ အသင်းတွေထဲမှာတော့ ပရီးမီးယားလိဂ်က ချယ်ဆီးနဲ့ လီဗာပူးတို့ ပါဝင်ခဲ့ပါတယ်။ ချယ်ဆီးကတော့ အဆင့် ၁၄ နေရာမှာသာ ရပ်တည်နိုင်တဲ့အထိ အခြေအနေဆိုးရွားခဲ့ပြီး ပေါင်သန်း ၆၀၀ လောက် သုံးခဲ့ပေမယ့် ကွန်ဖရင့်လိဂ်ဝင်ခွင့်တောင် မရခဲ့ပါဘူး။

လီဗာပူးလ်ကတော့ ယူရိုပါလိဂ်ဝင်ခွင့်နဲ့သာ ကျေနပ်ခဲ့ရပြီး ကလော့ပ်လက်ထက်မှာ ပထမဆုံးအကြိမ် ယူရိုပါလိဂ်ကို ဝင်ကစားရမှာ ဖြစ်ပါတယ်။

စီးရီးအေမှာတော့ ဂျူဗင်တပ်စ်ဟာ အေစီမီလန်ကို အရေးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါပြီ။ ရမှတ် ၁၀ မှတ်အလျော့ခံထားရလို့လည်း ဂျူဗီတို့ ဘာမှမတတ်နိုင်တော့ဘဲ လက်ကျန်ပွဲအနိုင်ရရင်တောင်မှ အမှတ်မမီတော့ပါဘူး။

နောက်ထပ်အသင်းကတော့ ဟော်လန်လိဂ်က အေဂျက်ဇ်ပါ။ တန်ဟက်ဂျ်နဲ့ ကစားသမားကောင်းတွေ မရှိေတော့တဲ့နောက် အေဂျက်ဇ်ဟာ ဟော်လန်လိဂ်မှာ အဆင့် ၃ သာရရှိခဲ့ပြီး ဖီယင်နော့ဒ်နဲ့ ပီအက်စ်ဗွီကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။

ပြင်သစ်လိဂ်ကဆိုရင် လိုင်လီနဲ့ မိုနာကိုတို့ လွဲချော်ခဲ့ပြီး ဘွန်ဒက်လီဂါမှာတော့ လေဗာကူဆင်တို့ ကွန်ဖရင့်လိဂ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ပေါ်တူဂီမှာတော့ စပို့တင်းလစ္စဘွန်းဟာ ရာသီနှောင်းပိုင်းမှာ ပြိုင်ပွဲနှစ်ခုကြား ဗျာများခဲ့ရပြီး ယူရိုပါလိဂ်ဝင်ခွင့်နဲ့သာ ကျေနပ်ခဲ့ရကာ စပို့တင်းဘရာဂါက သူတို့နေရာကို ယူသွားခဲ့ပါတယ်။

ဒီအသင်းတွေဟာ ဒီဘက်နှစ်တွေမှာ ချန်ပီယံလိဂ်ကို ဝင်ရောက်ကစားနေကျဖြစ်ပြီး ချယ်ဆီး၊ လီဗာပူးလ်နဲ့ အေဂျက်ဇ်၊ စပို့တင်းတို့ လွဲချော်ခဲ့တာကတော့ အံ့အားသင့်စရာပါပဲ။