အသင်းပြောင်းရမယ် ဆိုရင် မန်ယူ ပဲ ပြောင်းမယ် ဖြစ်နေတဲ့ ပီအက်စ်ဂျီ ကြယ်ပွင့် နေမာ

ဘရာဇီး တိုက်စစ်ကြယ်ပွင့် နေမာဟာ မန်ယူအသင်းထံကို ပြောင်းဖို့ကိုသာ စဉ်းစားထားလို့ တခြား ဘယ် အသင်းအတွက်မှ ပီအက်စ်ဂျီက ထွက်ခွာမှာမဟုတ်ဘူးလို့ နောက်ဆုံးသတင်းတွေအရ သိရပါတယ်။

ချန်ပီယံလိဂ်မှာ ထပ်မံ ကျရှုံးခဲ့ပြီးနောက် ၃၁ နှစ်အရွယ် ကစားသမားရဲ့ပဲရစ်က အချိန်တွေဟာ ကုန်ဆုံးတော့မယ့်ပုံပါပဲ။ နေမာဟာ မကြာသေးခင်နှစ်တွေမှာလည်း ပီအက်စ်ဂျီပရိသတ်တွေနဲ့ ဆက်ဆံရေးအဆင်မပြေခဲ့ပါဘူး။

ဒါ့အပြင် သူ့အသက်အရွယ်အရရော ဒဏ်ရာပြသနာတွေကြောင့်ပါ ပီအက်စ်ဂျီဟာ လာမယ့်နွေမှာပဲ ရောင်းချဖို့ လုပ်နေပါတယ်။

အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ ပဲရစ်မှာ သူ့အနာဂတ် မရှိတော့ဘူးဆိုတာကို လက်ခံလိုက်ပြီလို့လည်း ပြင်သစ်ဘောလုံး သတင်းဌာနတစ်ခုက ဆိုလာတာပါ။

ခုလည်း အင်္ဂလိပ်သတင်းစာ တစ်စောင်ဖြစ်တဲ့ The Sun က နေမာဟာ မန်ယူကလွဲရင် တခြားဘယ်အသင်းကိုမှ ပြောင်းမှာ မဟုတ်ဘူးလို့ ဖော်ပြလာပါတယ်။

သူဟာ ပီအက်စ်ဂျီနဲ့ တန်ဖိုးကြီးစာချုပ် ၄ နှစ်ကျန်ရှိနေသေးတာပါ။ မန်ယူကလည်း လာမယ့်ရာသီမှာ ရက်ရှ်ဖို့ဒ်နဲ့အတူ တွဲကစားနိုင်မယ့် နာမည်ကြီးတိုက်စစ်မှုးတစ်ယောက် ခေါ်ယူသွားဖို့ ရှိပါတယ်။

နေမာဟာ ပီအက်စ်ဂျီအတွက် ၁၇၃ ပွဲမှာ ၁၁၈ ဂိုးသွင်းထားလို့ မန်ယူရဲ့ဂိုးလိုအပ်ချက်ကို ဖြည့်ပေးနိုင်စွမ်းရှိသူပါ။ ဒါပေမဲ့ ဘောလုံးသမိုင်းတစ်လျှောက် ဈေးအကြီးဆုံးကစားသမားကို ဈေးပေါပေါနဲ့တော့ မရနိုင်ပါဘူး။