မန်စီးတီး ဘဏ္ဍာရေး စည်းမျဉ်း ဖောက်တယ်ဆိုရင် အမြန် အရေးယူကြ လို့ ဆရာကြီး နှစ်ယောက် အတို့အထောင် လုပ်ပြီ

မန်စီးတီးကို ပရီးမီးယားလိဂ်က FFP ဘဏ္ဍာရေး စည်းမျဉ်း ချိုးဖောက်လို့ စွဲချက်တင်ထားတဲ့ အပေါ် အရေးယူမယ် ဆို အမြန် အရေးယူမှု လုပ်ကြဖို့ ဂယ်ရီ နဗီးလ်နဲ့ ဂျင်မီ ကာရေဂါက တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေကပဲ မန်စီးတီးဟာ သူတို့ရဲ့ ၆ရာသီအတွင်း ၅ ခုမြောက် ပရီးမီယားလိဂ် ဆုဖလားကို ကိုင်မြှောက် ခဲ့တာပါ။ စီးတီး အောင်မြင်မှုအတွက် ချီးကျူးသံတွေ ညံနေသော်လည်း မန်ချက်စတာ ကလပ်ဟာ ၂၀၀၉ ကနေ ၂၀၁၈ အတွက် ဘဏ္ဍာရေး စည်းမျဉ်း ၁၁၅ ချက်ကို ချိုးဖောက်တယ်လို့ စွပ်စွဲခံထားရပါတယ်။

စုံစမ်းစစ်ဆေးမှုတွေဟာ အချိန်အကန့်အသတ် မရှိသလို လျှို့ဝှက် အနေနဲ့ သိုသိုသိပ်သိပ် လုပ်ဆောင်နေတာကြောင့် ဘယ် အခြေအနေ ရှိသလဲ ဆိုတာကို မီဒီယာတွေအား အသိပေးခြင်း မရှိပါဘူး။

ဒါပေမယ့် ဒီ စစ်ဆေးမှု အခြေအနေ ပို ကြာလေ စီးတီးရဲ့ ပုံရိပ်နဲ့ ပရီးမီးယားလိဂ် ရဲ့ ပုံရိပ်ထိ ထိခိုက်ဖွယ် ရှိနေတာကြောင့် အချိန် မဆွဲဘဲ အမြန် အပြီးသတ်ကြဖို့ နဗီးနဲ့ ကာရေဂါက တိုက်တွန်းလာတာပါ။

” မန်စီးတီး အနေနဲ့ သူတို့က အပြစ်မရှိပါဘူးလို့ ပြောပြီး စွဲချက်တွေ အကုန် ငြင်းဆန်ခွင့် ရှိပါတယ်။ ဒါပေမယ့် တကယ်သာ အပြစ် မရှိရင် လူတွေက တောက်လျောက် ဘာလို့ လက်ညှိုးထိုးပြီး ဒီအမှုက ၂နှစ်ကနေ ၄နှစ်ထိ ကြာနေသေးတာတဲ့လဲ။

ပရီးမီးယားလိဂ်ရဲ့ greatest အသင်း တသင်းပါလို့ ကျနော်တို့ ပြောနေရတဲ့ အသင်းက ဒီ အနေအထား ဆိုတာ မကောင်းပါဘူး။ သူတို့ အပြစ် ရှိ၊ မရှိ သေချာတဲ့ အနေအထား ရောက်အောင် ဖြေရှင်းကြစမ်းပါ။

မန်စီးတီးအသင်းဘက်ကိုလည်း ကျနော် ပြောချင်တာက ဒီကိစ္စက ဖြေကို ဖြေရှင်းရမှာပါ၊ အနှေးနဲ့ အမြန်ပဲ ကွာမယ်။ ခင်ဗျားတို့ အသင်း နာမည် ပုံရိပ် အတွက် လိုကို လိုတယ်။

တကယ်လို့သာ မန်စီးတီးသာ အပြစ် ရှိတယ် ဆိုရင် အခုနေ ကျနော်တို့ ချီးကျူးပြောဆိုနေတာတွေ အကုန်လုံးက အလကား ဖြစ်သွားတော့မှာပဲ။ ” လို့ ကာရေဂါက ပြောဆိုလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ဂယ်ရီ နဗီးလ်ကလည်း ” စည်းကမ်းတွေသာ တကယ် ခိုင်မာတယ် ဆိုရင် ဒီအတိုင်း လိုက်နာရမှာပဲ။ တကယ်လို့သာ မန်စီးတီး အပြစ်ရှိကြောင်း အဖြေထွက်လာရင် ထိခိုက် ဆုံးရှုံးမှုက သမိုင်းတွင်သွားတော့မှာ။

ဒါပေမယ့် တဖက်မှာလည်း ပရီးမီးယားလိဂ်က ဒီကိစ္စကို မဖြေရှင်းနိုင်ရင် သူတို့ နာမည်ပျက်ဦးမှာပဲ။ လာမယ့် နှစ်တွေထဲ ဖိအားတွေက အတော်ကြီး များလာတော့မယ်။ ဒါက ဖြေရှင်း မပြီး မချင်း မရှင်းလင်းပါဘူး။ ဒီတော့ ရှေ့တိုးပြီး မြန်နိုင်သမျှ မြန်မြန် စစ်ဆေး အပြီးသတ်ကြဖို့ ကျနော်က ပြောချင်တယ်။ ” လို့ နဗီးလ်ကလည်း ပြောဆိုခဲ့ပါတယ်။