စပါးတိုက်စစ်မှုး ကိန်း ကို မန်ယူ မခေါ်ဖို့ ချက်နဲ့ လက်နဲ့ ထောက်ပြ တားဆီးနေတဲ့ သရဲနီ ဂန္တဝင်ကြီး

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သူ အန်ဒီကိုးလ်ကတော့ သူ့ရဲ့ အသင်းဟောင်း ယူနိုက်တက်ဟာ လာမယ့် နွေဈေးကွက်မှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်မယ့် အစား ငယ်ရွယ်တဲ့ တိုက်စစ်မှူးတွေကိုသာ ခေါ်သင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီမှာ ကာရာဘောင်းဖလား တလုံး ရထားသလို ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့လည်း အတော်လေး နီးစပ်နေပေမယ့် သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းက အားနည်းချက်တွေ ရှိနေဆဲ ဖြစ်ပြီး သွင်းဂိုးတွေ ရဖို့ အတွက် တောင်ပံတိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ကိုသာ မှီခိုနေရပါတယ်။

အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ အထောင်တိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ မာရှယ်နဲ့ ဗက်ဟော့စ် (အငှား)တို့က ဒီရာသီမှာ ယူနိုက်တက် အတွက် သွင်းဂိုးတွေ များများစားစား မသွင်းယူပေးနိုင်ခဲ့သလို ရလာတဲ့ အပိုင်ဂိုးသွင်းခွင့်တွေကိုလည်း ဖြုန်းတီးနေခဲ့တာပါ။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ ကာလရှည် ပစ်မှတ် ကစားသမား ဖြစ်သူ စပါးနဲ့ အင်္ဂလန်ရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး စပါးနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ဟယ်ရီကိန်းကလည်း လာမယ့် နွေဈေးကွက် အတွင်းမှာ စပါးကို စွန့်ခွာဖို့ ရာခိုင်နှုန်း များနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဟယ်ရီကိန်းကို ခေါ်ချင်ရင် ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း ဝန်းကျင် သုံးစွဲရဖို့ ရှိနေပြီး ယူနိုက်တက်ရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ အန်ဒီကိုးလ်က သူ့ရဲ့ အသင်းဟောင်းဟာ ပေါင် ၁၀၀သန်း သုံးကာ ဟယ်ရီကိန်းကို ခေါ်မယ့်အစား ငယ်ရွယ်ပြီး အရည်အသွေးမြင့်တဲ့ တိုက်စစ်မှူးတွေကိုသာ ခေါ်သင့်ကြောင်း ဆိုလာပါတယ်။

အန်ဒီကိုးလ်က – “မန်ယူက နောက်ထပ် ရေတိုဖြေရှင်းမှုမျိုးကို ထပ်လုပ်လို့ မရတော့ပါဘူး။ သူတို့က ပေါင် ၈၀သန်း ၊ ပေါင် ၁၀၀သန်းလိုမျိုး ငွေကြေးများများစားစား သုံးပြီး ဟယ်ရီကိန်းကို မခေါ်သင့်ပါဘူး။ တကယ်လို့ သူတို့ကသာ ဟယ်ရီကိန်းကို ခေါ်လိုက်ရင် လာမယ့် ၂နှစ်အတွင်းမှာ သူတို့က “ဟယ်ရီကိန်းကတော့ အသက် ၃၂နှစ် ပြည့်ပြီ။ ငါတို့တွေ နောက်ထပ် တိုက်စစ်မှူး တယောက်ကို ခေါ်ရမယ်” ဆိုပြီး ထပ်ပြောနေရပါလိမ့်မယ်။

သူတို့က အဲ့ဒီ အခြေအနေမျိုး ရောက်သွားလို့ မရပါဘူး။ ခင်ဗျားတို့က မန်ချက်စတာ ယူနိုက်တက်ဟာ ဗန်ပါစီလိုမျိုး တကယ် ကောင်းတဲ့ တိုက်စစ်မှူး တယောက် ရခဲ့တယ် ဆိုတဲ့ စကားမျိုး ပြောနေကြပေမယ့် ဗန်ပါစီက ယူနိုက်တက်မှာ ၂နှစ်ပဲ ကစားခဲ့တာပါ။ ဗန်ပါစီ မရှိတော့တဲ့ နောက်ပိုင်းမှာ ယူနိုက်တက်က ၁နှစ် ၊ ၂နှစ် ကြာတာနဲ့ တိုက်စစ်မှူး တယောက်ကို ခေါ်ဖို့ လုပ်ခဲ့ရပါတယ်။

သူတို့တွေ အဲ့ဒီလိုမျိုး အခြေအနေကို ထပ်မဖန်တီးသင့်ပါဘူး။ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက အခုချိန်မှာ သူတို့ဟာ သူတို့အတွက် အနည်းဆုံး ၅နှစ်လောက် ကစားပေးနိုင်မယ့် တိုက်စစ်မှူးကိုပဲ ခေါ်သင့်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။