Exclusive: သူ့ရဲ့အဖွဲ့တွေကြောင့် လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်း တိုးဖွယ်ရှိတဲ့ ကလော့ပ်

လီဗာပူးအသင်းဟာ မန်နေဂျာကလော့ပ်ကို အသင်းမှာ နောက်ထပ် ၄ နှစ်ကြာ ဆက်ထိန်းရေး စာချုပ်သစ်ကိစ္စ စကားပြောဖို့ လမ်းဖွင့်ခဲ့ပြီဖြစ်ကြောင်း တယ်လီဂရပ်မှ လီဗာပူးသတင်းထောက် Chris Bascombe က ဖော်ထုတ်လာပါတယ်။

ဗုဒ္ဓဟူးနေ့ညက အန်ဖီးကွင်းမှာ လီဗာပူးအသင်းက ဗီလာရီးရဲလ်အသင်းကို ၂-၀ နဲ့ အနိုင်ရစဉ် FSG ဥက္ကဋ္ဌဖြစ်သူ Michael Gordon ဟာ ကလော့ပ်ရဲ့ အေးဂျင့်ဖြစ်သူ Marc Kosicke နဲ့အတူ ပူးပေါင်း တက်ရောက်ခဲ့ပါတယ်။ အဲ့မှာပဲ သူတို့ကြား ဆွေးနွေးစကားပြောမှုတွေ စတင်ခဲ့တာဖြစ်ပြီး စာချုပ်သစ်ကိစ္စ ဖြစ်နိုင်ချေတွေကို စတင် ဆွေးနွေးနေပြီလို့ မျှော်လင့်ရတယ်။

၂၀၂၄ ခုနှစ်ထိ လီဗာပူးအသင်းနဲ့ စာချုပ်ရှိထားတဲ့ ကလော့ပ်ဟာ တစ်နှစ်ကို လုပ်ခ ပေါင် ၁၀ သန်း ရနေတယ်လို့ Chris Bascombe က ဆိုပါတယ်။ ကလော့ပ်ရဲ့ လုပ်ခဟာ ပေါင် ၁၀-၂၀ သန်းကြား ရှိတယ်လို့ အခြားသော သတင်းတွေမှာ လေ့လာရဖူးပြီး အချို့ လီဗာပူးသတင်းထောက်တွေကတော့ ပေါင် ၁၆ သန်းလို့ ဖော်ပြဖူးပါတယ်။

ပြန်ဆက်ရရင် စာချုပ်သစ်မှာတော့ ကလော့ပ်ရဲ့ လုပ်ခပိုင်းကိုလည်း တိုးပေးဖို့ လီဗာပူးဘက်က ပြင်ဆင်ထားပါတယ်။ စာချုပ်သစ် ညိနှိုင်းမှုမှာ လုပ်ခပိုင်း တိုးမြင့်ပေးရေးဟာ ထည့်ပြောနေဖို့ မလိုဘဲ ကလော့ပ် အလိုရှိရင် လီဗာပူးဘက်က မြင့်မြင့်မားမား ပေးဖို့ အဆင်သင့်ရှိနေပြီးသား ဖြစ်ပါတယ်။

အန်ဖီးမှာ ရှိတဲ့ ကာလတစ်လျှောက်မှာ လီဗာပူးအသင်းပိုင်ရှင်တွေက ကလော့ပ်ကို အမြဲတမ်း လေးစားမှု ပေးခဲ့ပါတယ်။ ဒီအချက်ဟာ စာချုပ်သစ် သက်တမ်းတိုးဖို့ ကလော့ပ် ထည့်သွင်း စဉ်းစားတဲ့ အဓိက အချက်ဖြစ်လာပါတယ်။ ကလော့ပ် အမြဲ ပြောလေ့ရှိတာက သူကိုယ်တိုင်က အပြည့်အဝ အားထုတ်ပေးနိုင်မှ၊ လုံ့ဆော်ပေးဖို့ စွမ်းအားတွေရှိမှ ဆက်ပြီး ကိုင်တွယ်လိုတယ်လို့ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာ လီဗာပူးအသင်းနဲ့အတူ ခက်ခဲတဲ့ ကာလကို ကျော်ဖြတ်ခဲ့ရတဲ့ ကလော့ပ်ဟာ ဒီရာသီမှာတော့ quadruple မျှော်လင့်ချက်ကို အခုချိန်ထိ ဆုပ်ကိုင်ထားနိုင်တဲ့အထိ ကျော်ဖြတ်လာနိုင်ခဲ့တယ်။ ဒါတွေနဲ့အတူ ကလော့ပ်ကို ဆက်ထိန်းနိုင်ရေးကို သူနဲ့ ဆက်ဆံရေးကောင်း ရှိထားတဲ့ Gordon က ကြိုးစားလာပြီး စတင် ညိနှိုင်းလာခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးဘက်ကတော့ လက်ရှိ စာချုပ်သက်တမ်း ကုန်ချိန်မှာ အသင်းကနေ ထွက်ခွာသွားရေးကို ဆုံးဖြတ်လိုက်ဖို့ဟာ ကလော့ပ်အတွက် သိပ်ကို ခက်ခဲမယ်လို့ မျှော်လင့်ထားဆဲပါ။ ၂၀၁၉ မှာတုန်းက စာချုပ်သက်တမ်း ၃ နှစ်တောင် ကျန်သေးချိန်မှာ ကလော့ပ်က လီဗာပူးအသင်းနဲ့ ၅ နှစ် သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်တယ်။

ကလော့ပ်က မိသားစုကို အမြဲတမ်း ဦးစားပေးသူဖြစ်ပြီး အဓိကအားဖြစ် ဇနီးဖြစ်သူ Ulla က အင်္ဂလန်မှာ ဆက်နေလိုမလားဆိုတာကလည်း စာချုပ်ကိစ္စအပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။

အရေးပါတဲ့ အချက်ကတော့ ကလော့ပ်က သူဟာ သူ့အဖွဲ့သားတွေအတွက် တာဝန်ရှိသူလို့ ခံစားနေရဆဲပါပဲ။ လီဗာပူးအသင်းမှာတော့ ကလော့ပ်ဟာ သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေအပြင် ဒေတာစိစစ်ရေးအဖွဲ့၊ အဟာရဗေဒ ပညာရှင်တွေ၊ တည်ကန်ဘောဆိုင်ရာ အထူးနည်းပြတွေနဲ့ အင်အားကြီးတဲ့ နောက်ခံ အဖွဲ့တစ်ခုကို တည်ဆောက်ထားပါတယ်။

ဒီဝန်ထမ်းတွေရဲ့ အနာဂတ်ဟာ မန်နေဂျာရဲ့ အနာဂတ်အပေါ်မှာ မူတည်နေပါတယ်။ အပြောင်းအလဲတွေမှာ အခြားသော မန်နေဂျာတွေနဲ့အတူ သက်ဆိုင်ရာ ဝန်ထမ်းတွေက လိုက်ပါလာတတ်တာကြောင့် သူ့အဖွဲ့သားတွေအတွက် တာဝန်ယူပေးဖို့ လိုအပ်တယ်လို့ ကလော့ပ်က ခံယူပါတယ်။

ဒီလောက်တောင် တည်ဆောက်ထားတဲ့ အဖွဲ့အစည်းက အကောင်းဆုံး အခြေအနေ ရောက်နေချိန်မှာပဲ ၂၀၂၄ မှာ ဝမ်းနည်းဖွယ်ရာ ရပ်တန့်သွားဖို့ အချိန်မတန်သေးပါဘူး။ ဒါပေမယ့်လို့ ကလော့ပ် မရှိတာနဲ့ အသင်းရဲ့ ထိပ်တန်း ဝန်ထမ်းတွေကို ဆုံးရှုံးတာမျိုးလို ဦးနှောက်ယိုစီးမှုဖြစ်စေမယ့် ကိစ္စမျိုး FSG က လုံးဝ လုပ်မှာ မဟုတ်ဘူး။ အကယ်လို့ လီဗာပူးမှာ ကလော့ပ် ဆက်နေမယ်ဆိုရင် ၂၀၂၅ ခုနှစ်မှာတော့ သူဟာ အန်ဖီးကလပ်နဲ့ ဆယ်စုနှစ်ကာလကို ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ မကြာခင် အနာဂတ်ကာလတွေအတွင်း ဥရောပရဲ့ အတောင့်တင်းဆုံး ကလပ်တွေထဲက တစ်သင်းအဖြစ် ဆက်ရှိနေဖို့ အာမခံချက်တွေ ရှိနေတာလည်း ဖြစ်ပါတယ်။