ကစားသမား မျှဝေမှုပိုင်းအတွက် ဆွေးနွေးမှုတွေ လုပ်နေတဲ့ လီဗာပူးနဲ့ လာလီဂါကလပ် အယ်ချီ

လီဗာပူးအသင်း တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့အပတ်က ခါဘီမှာ လာလီဂါကလပ် အယ်ချီအသင်းပိုင်ရှင် Christian Bragarnik နဲ့ တွေ့ဆုံပြီး နှစ်သင်းကြား ချိတ်ဆက် ဆောင်ရွယ်မှုတွေအတွက် ဆွေးနွေးခဲ့ကြပါတယ်။

လီဗာပူးပိုင်ရှင်တွေဖြစ်တဲ့ FSG ဟာ အနာဂတ်အတွက် စီမံကိန်းကြီးတွေ ရှိထားတာဖြစ်ပြီး ဘောလုံး မဟုတ်တဲ့ အားကစား နယ်ပယ်မှာ ၎င်းတို့ရဲ့ ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်ခြင်းနဲ့အတူ ရေခဲပြင် ဟော်ကီ အသင်းဖြစ်တဲ့ Pittsburgh Penguins ကို ဝယ်ယူထားတာပါ။

အမေရိကန်အဖွဲ့ဟာ နိုဝင်ဘာတုန်းက ဘရာဇီး ဘောလုံးအသင်းဖြစ်တဲ့ Cruzeiro ကို ဝယ်ယူဖို့လည်း ကြိုးစားခဲ့သေးပေမယ့် မအောင်မြင်ခဲ့ပါဘူး။ တချိန်တည်းမှာ FSG ဟာ အန်ဖီးကွင်း တိုးချဲ့မှုကိုလည်း ဆက်လက် အားစိုက်နေပါတယ်။

FSG ဟာ သူတို့ရဲ့ နယ်ပယ်ကို ချဲ့ထွင်းနေရင်းမှာပဲ ထူးထူးခြားခြားအဖြစ် လီဗာပူးအသင်း တာဝန်ရှိသူတွေဟာ စပိန် အရှေ့တောင်ပိုင်း ကလပ် အယ်ချီအသင်းထံ သွားရောက် ညိနှိုင်းမှုတွေ လုပ်နေခဲ့တယ်။ အပြန်အလှန်အားဖြင့် အယ်ချီအသင်း ပိုင်ရှင်ကလည်း ပြီးခဲ့တဲ့ အပတ်က လီဗာပူးအသင်းထံ ရောက်လာခဲ့တာဖြစ်ပါတယ်။

စပိန်သတင်းဌာန AS က ဖော်ပြရာမှာတော့ လီဗာပူးနဲ့ အယ်ချီအသင်းတို့ဟာ ကလပ်နှစ်သင်းကြား ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ စီမံကိန်းတစ်ခုကို ဖော်ဆောင်ဖို့ ညိနှိုင်းနေပါတယ်။ ဒီစီမံကိန်းရဲ့ အဓိက အကြံအစည်ကတော့ လီဗာပူးအသင်းက အငှားချလိုတဲ့ ကစားသမားတွေကို လာလီဂါထံ ပို့ပေးဖို့ဖြစ်တယ်။ လီဗာပူးအသင်းက မွေးထုတ်လိုက်တဲ့ နာမည်ကျော် လူငယ်တွေ အပါအဝင် ပွဲကစားခွင့် လိုအပ်နေသူတွေကို အယ်ချီအသင်းက ပွဲကစားခွင့် ပေးမှာဖြစ်တယ်။

အပြန်အလှန်အားဖြင့် အယ်ချီအသင်းရဲ့ အလားအလာ အရှိဆုံး ကစားသမားတွေကို သူတို့ရဲ့ တန်ဖိုး ထက်တိုးဖို့ သို့မဟုတ် ဥရောပရဲ့ အမြင့်ဆုံး အဆင့်တွေမှာ ကစားနိုင်ဖို့အတွက် ရည်ရွယ်ပြီး လီဗာပူးအသင်းက သုံးစွဲခွင့်ရမှာဖြစ်တယ်။

ကလပ်နှစ်သင်းကြား ညိနှိုင်းနေတဲ့ ဒီကိစ္စဟာ စပိန်ဘက်ကလာတဲ့ သတင်းတွေကနေ အကြမ်းသဘောလောက်ပဲ သိထားရသေးသလို ဘယ်လောက်ထိ ကျယ်ပြန့်စွာ ပူပေါင်းမလဲ မသိနိုင်သေးပါဘူး။ နှစ်ဘက်အဖွဲ့က သဘောတူညီမှုရကြောင်း တရားဝင် အကြောင်းကြားမှုတွေကို လုပ်လာခြင်းလည်း မရှိသေးပါဘူး။

ဒီရာသီမှာပဲ လီဗာပူးပိုင်ရှင်အဖွဲ့ FSG တို့ ရှယ်ယာပါဝင်ထားတဲ့ RedBird Capital အဖွဲ့ပိုင် ပြင်သစ်ကလပ် တူးလော့စ်ဟာ လာမယ့်ရာသီကစလို လီဂူးဝမ်းကို တန်းပြန်တက်လာအောင် ကြိုးစားနိုင်ခဲ့ပါတယ်။ လီဗာပူးနဲ့ တူလော့စ် ကြားမှာတော့ အခုချိန်ထိ ဆက်နွယ်လာတာမျိုး မမြင်ရသေးတာ ဖြစ်ပါတယ်။