လိဂ်ဖလားကို အဆုံးအဖြတ်ပေးနိုင်တဲ့ သီတင်းပတ်၊ အကောင်းဆုံး လီဗာပူးအသင်း၊ ကလော့ပ်ရဲ့ ဒုတိယမျိုးဆက်နဲ့ ဗီလာရီးရဲလ် နိုင်ပွဲအပြီး စကားစမြည် ပြောစရာများ

ခံစစ်ပိတ်ကစားမှုကို ဖြိုခွဲခြင်း

လီဗာပူးတို့ ခံစစ်ပိတ်ဆော့တဲ့ ပြိုင်ဘက်နဲ့ နှစ်ပွဲဆက် ကြုံခဲ့ရတာ ဖြစ်ပြီး ခံစစ်နိမ့်နိမ့်ထားကာ ကျစ်လစ်စွာ စုဖွဲ့မှုကို ဖြိုခွဲနိုင်ခဲ့ပါတယ်။ ဗီလာရီးရဲလ်ရဲ့ ကစားကွက်က အဲဗာတန်နဲ့ မတူခဲ့ပါဘူး။ အမ်မရီရဲ့ အသင်းဟာ အနည်းဆုံးတော့ ပေးပို့မှု အနည်းငယ် လုပ်ပြီး ကောင်တာ ကစားဖို့ စိတ်အားထက်သန်မှုကို ပြသခဲ့ပေမယ့် အဆုံးသတ်ရလဒ်ကတော့ အတူတူပါပဲ။

လီဗာပူးဟာ နောက်တန်းကနေ စတင်ကစားဖို့ ဗီလာရီးရဲလ်ရဲ့ ကြိုးစားမှုတိုင်းကို ဖိနှိပ်ခဲ့ပြီး လာလီဂါကလပ်ရဲ့ ကစားကွက် တည်ဆောက်မှုတွေကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ ဗီလာရီးရဲလ်ဟာ ဘောလုံးကို ခံစစ်ကနေ လုံးဝ ထုတ်လို့ မရခဲ့သလို သူတို့ ဘာနည်းလမ်းမှ စဉ်းစားချိန် မရအောင်ကို လီဗာပူးက တရစပ် ဖိအားပေးခဲ့ပါတယ်။

လီဗာပူးဟာ ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းထိ ရခဲ့ပြီး တောင့်တင်းတဲ့ အနေအထားတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ ကင်မရာရိုက်ချက်က ကွင်းတစ်ဝက်မှာပဲ အများဆုံး ရှိနေခဲ့တာနဲ့အတူ တိုက်ရိုက် ကြည့်ရှုသူတွေဟာ အယ်လစ်ဆန်ကို တီဗီမှာ မြင်ရဖို့ ခက်ခဲခဲ့ပါတယ်။

တတိယဂိုး ရခဲ့ရင် ပိုကောင်းသွားမှာပါ။ လီဗာပူးရဲ့ လွှမ်းမိုးထားမှုနဲ့ဆို တတိယဂိုး ရခဲ့သင့်ပေမယ့် မလွယ်ဘူးလို့ ထင်ထားခဲ့တဲ့ ဗီလာရီးရဲလ်ဟာ အန်ဖီးမှာတော့ လီဗာပူးရဲ့ အခိုင်အမာ လွှမ်းမိုးမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ရဲရင့်တဲ့ ဒီယက်စ်

နည်းစနစ်အရည်အသွေးနဲ့ ပင်ကိုယ်အစွမ်းအစ ပေါင်းပြီး ဒီအဆင့်ကို ရောက်လာတဲ့ ကစားသမားတစ်ယောက်ကို ရဖို့က ခက်ခဲပါတယ်။ ဒီယက်စ်ဟာ တောင်ပံနေရာတစ်ခုကနေ သူကိုယ်တိုင်နဲ့ တခြားသူတွေအတွက် အခွင့်အရေးတွေ ဖန်တီးပေးမယ့် ဘောလုံးဦးနှောက် ပိုင်ဆိုင်ထားပါတယ်။

အခြားသော တောင်ပံသမားတွေနဲ့ဆိုရင် ပိုထူးခြားတဲ့ တစုံတခု ရှိသူလို့ ခံစားမိစေတယ်။ ရုပ်ပိုင်းဆိုင်ရာ၊ နည်းစနစ်နဲ့ ဖန်တီးနိုင်စွမ်း ပိုသာပါတယ်။ အရှင်းဆုံးပြောရရင် အခြားအသင်းက တောင်ပံသမားတွေထက် လီဗာပူးတောင်ပံသမား ပိုဆန်သူဖြစ်ပါတယ်။

သူ့ကိုယ်သူ နေရာလွတ် ဖန်တီးဖို့ ဖာဘင်ညိုထံ ပေးပို့မှု အယောင်ပြခဲ့ပြီးနောက် ဂိုးရလုနီးပါး ဖြစ်ခဲ့ပေမယ့် သူ့ရဲ့ ကန်ချက်က လမ်းကြောင်းပြောင်းပြီး ချော်ထွက်သွားခဲ့တာပါ။ သူ့လုပ်ရမယ့် ဂိုးပေါက် ခြိမ်းခြောက်မှုတွေကို အပြည့်အဝ လုပ်ပေးခဲ့ပြီး ဒီလို ဖျော်ဖြေမှုပေးတဲ့ ပွဲထဲမှာ အစိတ်အပိုင်း သေးသေးလေးတစ်ခုအဖြစ် ပါဝင်ရတာကိုတောင် ပျော်ရွှင်နေတာပါ။

နယ်မြေခြားက မိတ်ဆွေများ

ဒါဟာ ဗီလာရီးရဲလ်တို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်ကို ရောက်ခဲ့တဲ့ ဒုတိယအကြိမ်ဖြစ်ပြီး ပထမတခါတုန်းက ပယ်လီဂရီနီရဲ့အသင်းဟာ အာဆင်နယ်ကို ရှုံးနိမ့်ထွက်ခွာခဲ့ရတာပါ။ သူတို့ရဲ့ ပရိသတ်တွေဟာ ပွဲအခြေအနေ ဘယ်လိုပဲဖြစ်ပါစေ ဒီပွဲကို ပျော်ပျော်ရွှင်ရွှင် ကြည့်ရှုဖို့ လီဗာပူးကို ရောက်လာခဲ့ပါတယ်။

သူတို့တွေ မြို့လယ်ခေါင်မှာ စုဝေးပြီးတော့ အပြုံလိုက်ပြီး အန်ဖီးကို ရောက်ချလာကာ ကွင်းထဲမှာ သူတို့ရဲ့ အဝါရောင် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးခဲ့ပါတယ်။ ကွင်းထဲမှာ လီဗာပူးဟာ နှစ်သင်းကြားက ဘောလုံးအရည်အသွေး ကွာဟမှုကို အညှာအတာကင်းမဲ့စွာ ပြသခဲ့ပါတယ်။ ဒါပေမယ့် ပရိသတ် အားပေးမှုပုံစံမှာတော့ ဗီလာရီးရဲလ်က တကယ်ကို အဆင့်အတန်း ရှိလှပါတယ်။

အကောင်းဆုံး လီဗာပူးအသင်းလား

‘ဒါက ကျွန်တော်ကြည့်ခဲ့ဖူးတဲ့ အကောင်းဆုံး လီဗာပူးအသင်းပဲ’လို့ ရီယို ဖာဒီနန် ပြောတာကို ငြင်းဖို့ခက်ခဲပါတယ်။ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် အောင်မြင်ခဲ့တဲ့ အသင်းအပြီး ကလော့ပ်ရဲ့ ဒုတိယလှိုင်းလို ခံစားရတဲ့ အခုအသင်းဟာ လောလောဆယ်တော့ လိဂ်ဖလားတစ်လုံးပဲ ရပါသေးတယ်။ ဒါပေမယ့် သူတို့က အကောင်းဆုံး လီဗာပူးအသင်းဆိုတာ ငြင်းလို့မရပါဘူး။

သီယာဂို၊ ဒီယက်စ်၊ ကွန်နတေးတို့ရဲ့ ပေါင်းထည့်မှုကြောင့် အသင်းကို အားသစ်လောင်းပေးခဲ့ပြီး နေရာစုံဟာ ပြီးပြည့်စုံခဲ့ပါတယ်။ အထူးသဖြင့် သီယေဂိုဟာ လီဗာပူးအသင်းရဲ့ ကစားဟန်ကို တစ်ဆင့်မြင့်စေခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ တောက်ပမှုဟာ ဒီရာသီမှာ ဆာလာပြီးရင် အကောင်းဆုံး စွမ်းဆောင်ရှင်ဖြစ်ပြီး အခုချိန်မှာ လီဗာပူးရဲ့ ဖယ်ထုတ်မရတဲ့ အသင်းသားအဖြစ်တောင် ယူဆဖို့ ရှိနေပါတယ်။

အခုချိန်မှာ လီဗာပူးပွဲတွေကို ကြည့်ရတာက ဘောလုံးပရိသတ်တစ်ယောက်အတွက် ခံစားဖို့ အကောင်းဆုံး ပွဲတွေပဲ ဖြစ်မှာပါ။ အပတ်တိုင်းမှာ ပိုပြီး ကျေနပ်စရာ ကောင်းလာမှာဖြစ်ပြီး သူတို့တွေ နောက်ထပ် ဆုဖလားအနည်းငယ် ထပ်မံရယူနိုင်တယ်ဆိုတဲ့ ယုံကြည်မှုတွေ ပိုရှိလာပါလိမ့်မယ်။

ဆုဖလားကို အဆုံးအဖြတ်ပေးမယ့် သီတင်းပတ်

ကလော့ပ်က ၂-၀ လောက်ကို ဘဝကြီးမှတ်နေတဲ့ နည်းပြမျိုး မဟုတ်ပေမယ့် ဒီရလဒ်ဟာ လီဗာပူးအတွက် တခြားပွဲတွေမှာ အာရုံစိုက်ဖို့ အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။ အသင်းဟာ စနေနေ့ အစောပိုင်းမှာ နယူးကာဆယ်နဲ့ ကစားရမှာဖြစ်ပြီး ဒုတိယအကျော့ အကြောင်းကို သိပ်မတွေးပဲ နေလို့ရနိုင်ပါတယ်။

ဒုတိယအကျော့ကျရင် အပြောင်းအလဲတချို့အတွက် အခွင့်အရေးတွေ ရှိလာနိုင်ပြီး အထူးသဖြင့် ဒီရာသီမှာ လူစားဝင်ကစားခဲ့တဲ့ ကစားသမားတွေက ကလော့ပ်ကို စိတ်မပျက်စေခဲ့ရပါဘူး။

လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ စီးတီးကို ကျော်ဖြတ်ဖို့ အသေးဆုံး အခွင့်အရေးကို ဖမ်းဆုပ်ချင်ရင် ပွဲတိုင်း အနိုင်ယူဖို့ လိုအပ်မှာဖြစ်သလို နယူးကာဆယ်နဲ့ပွဲကလည်း အရေးပါတဲ့ပွဲပါပဲ။

ပက်ဂွာဒီယိုလာရဲ့ အသင်းက အသာစီးရထားတယ်ဆိုပေမယ့် သူတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ရလဒ်က စိတ်မအေးစရာဖြစ်ပြီး ပြိုင်ဘက်ကလည်း ရီးရဲလ်မက်ဒရစ် ဖြစ်နေတာကြောင့် ပရီးမီးယားလိဂ်ဖလား ပြိုင်ဆိုင်မှုမှာ လီဗာပူးက ဖိအားသိပ်မရှိပဲ အနည်းငယ် အသာစီးရနိုင်ပါတယ်။