ရာဖင်ဟာ အဖြေ စောင့်နေခြင်း၊ ဒီလစ်၊ ကူလီဘာလေ အတွက် ဆွေးနွေးမှုနဲ့ ယနေ့ည ချဲလ်ဆီး သတင်းတိုများ

ဒီနွေ ဂျူဗင်တပ်ကနေ ထွက်ခွာလိုနေတဲ့ ဒီလစ်ကို ချဲလ်ဆီးက ကြိုးစား ချိတ်ဆက်နေပြီး စီးရီးအေ ကလပ် ဘက်က ကမ်းလှမ်းမှုတွေကို လက်မခံသေးပေမယ့် ဂျူဗင်တပ် စီအီးအို ကတော့ အသင်းမှာ ဆက်မနေလိုတဲ့ ကစားသမားတွေကို ဇွတ် ထိန်းထားမှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောဆို လိုက်တာကြောင့် မျှော်လင့်ချက် ရှိနေပါတယ်။

နာပိုလီအသင်းမှ ဗဟိုနောက်ခံကစားသမား ကူလီဘာလေရဲ့ အေးဂျင့်ဖြစ်သူဟာ ဒီတပတ်ထဲမှာ ချဲလ်ဆီးအသင်းနဲ့ တွေ့ဆုံသွားဖို့ ရှိနေကြောင်း သိရပါတယ်။ နာပိုလီအသင်းကလည်း စာချုပ်သက်တမ်း ကုန်ဆုံးဖို့ သိပ်မလိုတော့တဲ့ ကူလီဘာလေကို ပေါင် ၃၄ သန်းခန့် ရရင် ရောင်းချသွားဖို့ လမ်းဖွင့်ထားတယ်လို့ သတင်းထွက်နေပါတယ်။

ချဲလ်ဆီး အသင်းဟာ ရာဖင်ဟာ ကို ခေါ်ယူဖို့ လိဒ်ယူနိုက်တက်အသင်းနဲ့ သဘောတူညီမှုရပြီး ဖြစ်သော်လည်း ကစားသမားနဲ့ အေးဂျင့် ဆီက အကြောင်းပြန်ကြားမှု မရရှိသေးဘဲ စောင့်ဆိုင်းနေရပါတယ်။ ကစားသမားက ဘာစီလိုနာနဲ့ သဘောတူညီမှု ရယူထားတာကြောင့် ညှိနှိုင်းရဦးမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ရာဖင်ဟာကိုသာ မခေါ်ယူနိုင်ခဲ့ပါက ဘာစီလိုနာအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား အူစမာ ဒမ်ဘီလီကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူသွားမယ်လို့ သတင်းထွက်‌နေပါတယ်။

ချဲလ်ဆီး အသင်းဟာ မန်စီးတီး ထံကနေ နေသန် အကီကို ပြန်ခေါ်ဖို့ ကြိုးစားနေပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံ ကလပ်က ဒီနွေမှာ နယ်သာလန်သားကို ရောင်းချသွားဖို့ ဆန္ဒမရှိကြောင်း သိရပါတယ်။ မန်စီးတီးဟာ အကီအတွက် ပေါင် သန်း ၅၀ လို့လည်း ဈေး သတ်မှတ်ထားပါတယ်။

အဲဗာတန် တိုက်စစ်သမား ရစ်ချာလီဆန် အတွက် ချဲလ်ဆီးက နောက်ဆုံးမိနစ်ထိ ကြိုးစားခဲ့သေးပေမယ့် စပါးအသင်းနဲ့ သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတဲ့ တိုရီနို ဗဟိုနောက်ခံလူ ဂလီဆွန် ဘရီမူကတော့ အနာဂတ် ကိစ္စ မဆုံးဖြတ်ရသေးပေမယ့် ချန်ပီယံလိဂ်ကတော့ ကစားချင်ကြောင့် ဖွင့်ဟ ဝန်ခံခဲ့ပါတယ်။

ပီအက်စ်ဂျီ ကနေ ထွက်ခွာတော့မဲ့ ဘရာဇီး လက်ရွေးစင် တိုက်စစ်သမား နေမာကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်း က ရေပန်းစားလာပါတယ်။ ပီအက်စ်ဂျီကတော့ နေမာကို ရောင်းချသွားဖို့ရော၊ အငှားချသွားဖို့ပါ လမ်းဖွင့်ပေးထားပါတယ်။