၂၀၀၅ မှာ ချယ်ဆီးအသင်းထံ မပြောင်းခဲတဲ့ အကြောင်းရင်းအား ထုတ်ဖော်လိုက်တဲ့ ဂျရတ်

လီဗာပူး အသင်းခေါင်းဆောင်ဟောင်း၊ ဂန္တဝင် ကစားသမား စတီဗင် ဂျရတ်ဟာ ၂၀၀၅ တုန်းက မော်ရင်ညို နည်းပြတဲ့ ချယ်ဆီးအသင်းထံ ပြောင်းရွှေ့ဖို့ အတော် နီးစပ်ပြီး ရေပန်းစားခဲ့သေးတာပါ။

ဒါပေမယ့် အန်းဖီးလ်မှာသာ ဆက်နေဖို့ ရွေးချယ်ခဲ့ပြီး ထိုစဉ်က နာမည်ကျော် စပါယ်ရှယ် ဝမ်း ရဲ့ စည်းရုံးဖိတ်ခေါ်မှုကို ငြင်းဆန်ခဲ့ပါတယ်။ လီဗာပူး ဂန္တဝင်ကြီးက သူ့ အနေနဲ့ နည်းပြ မော်ရင်ညို အတွက် ကစားပေးချင်ခဲ့ကြောင်း၊ အဲဒီ ဆန္ဒ တစ်ခု မပြည့်ဝခဲ့ကြောင်းကို ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

ဂျရတ် က ” ကျွန်တော် မော်ရင်ညိုအတွက် ကစားမပေးလိုက်ရတာကို နောင်တ ရမိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူနဲ့သာ ဆိုရင် ကျွန်တော် ပိုကောင်းတဲ့ ကစားသမား ဖြစ်မယ် ဆိုတာ သိနေတယ်။ သူက ကျွန်တော် ရရှိပြီးသား ဆုဖလားတွေ အပြင် ပို များတဲ့ ဆုဖလားတွေ ရအောင် လုပ်ပေးနိုင်မယ် ဆိုတာလည်း သိနေတယ်။

ကျွန်တော်က ချယ်ဆီး ကို ပြောင်းမလား၊ လက်ရှိကလပ်မှာပဲ ဆက်နေမလား ဆိုတာကို ဆုံးဖြတ်ချက် ချလုနီးပါး ရှိခဲ့တာပါ။ ဒါပေမယ့် ကျွန်တော့် အဖေက လီဗာပူး အမာခံ ပရိသတ်ကြီးဗျာ။ ကျွန်တော့် အကိုရော၊ သူငယ်ချင်းတွေ အားလုံးကပါ လီဗာပူး ပရိသတ်။

သတင်းမီဒီယာတွေကနေတောင် ‘ သူ ချယ်ဆီးကို သွားသင့်နေပြီ ‘ လို့ ထောက်ပြ ဝေဖန်မှုတွေ အများကြီး ရခဲ့တယ်။ ဒါပေမယ့် ကျွန်တော့် အတွက်ကတော့ ကျွန်တော် အိမ်ကိုတော့ အမြဲ ပြန်ချင်တယ်လေဗျာ။ ဒီတော့ လီဗာပူး ဘက်ကိုက အလေးသာနေခဲ့တယ်။ ” လို့ ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။