ပြစ်ဒဏ်တွေ ဘယ်လောက်ထိ ပြင်းထန်နိုင်ကြောင်း ပရီးမီးယားလိဂ် သတိပေးတာ ခံလိုက်ရတဲ့ ချဲလ်ဆီးနဲ့ စီးတီး

ချဲလ်ဆီးနှင့် မန်စီးတီးတို့ဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ကြောင်း တွေ့ရှိပါက ပရီးမီးယားလိဂ်မှ ကန်ထုတ်ခြင်း ခံရမယ်လို့ သတိပေးခြင်းခံလာရပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးဟာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက ဘဏ္ဍာရေးစည်းမျဉ်း ၁၁၅ ခုကို ချိုးဖောက်မှုဖြင့် စွဲချက်တင်ခြင်း ခံထားရပါတယ်။ လွတ်လပ်တဲ့ ကော်မရှင်အဖွဲ့ဟာ ယခုနှစ် နှောင်းပိုင်းတွင် မန်စီးတီးအမှုများကို စတင် စစ်ဆေးကြားနာဖို့ ရှိနေပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယား လက်ရှိ အဆင့် ၁၁ နေရာမှာ ရပ်တည်နေတဲ့ ချဲလ်ဆီး အသင်း ကတော့ စွဲချက်တင်ခြင်းမခံထားရသေးပါဘူး။

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်နွေရာသီတုန်းက ယခင်ပိုင်ရှင်ဟောင်း ရိုမန်အေဘရာမိုဗစ်ချ်မှာ ကလပ်ရဲ့ ဘဏ္ဍာရေးစာရင်းထဲတွင် မထည့်သွင်းဘဲ အေးဂျင့်များကို ငွေပေးမှု ပြုလုပ်ကြောင်း စစ်ဆေးတွေ့ရှိထားမှုနှင့်အတူ အရေးယူခြင်း ခံလာရဖို့ ရှိနေပါတယ်။

ယခုအခါ နော်တင်ဟမ်ဖောရက်စ်ကို အမြတ်နှင့် ရေရှည်တည်တန့်ရေးစည်းမျဉ်းချိုးဖောက်မှုဖြင့် ရမှတ် ၄ မှတ် လျှော့ချမှု ပြုလုပ်ခဲ့တဲ့ ကော်မရှင်က ချဲလ်ဆီးနှင့် မန်စီးတီးတို့အနေဖြင့် စည်းမျဉ်းချိုးဖောက်ကြောင်း တွေ့ရှိပါက ပရီးမီးယားလိဂ်မှ ထုတ်ပယ်ခြင်းခံရနိုင်ကြောင်း သတိပေးလာပါတယ်။

ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းအရ လွတ်လပ်တဲ့ ကော်မရှင်အနေဖြင့် ကလပ်များကို သတိပေးခြင်းမှ စတင်ကာ ပရီးမီးယားလိဂ်မှ ထုတ်ပယ်နိုင်တဲ့အထိ ပြုလုပ်နိုင်ပါတယ်။

မန်စီးတီးမှာ အမှုများစွာ စွဲချက်တင်ခြင်းခံထားရရာ အမှုအားလုံး ရှုံးပါက တန်းချခံရတဲ့အထိ အရေးယူခံရနိုင်ပါတယ်။

တဖက်မှာ ရမှတ် ၁၀ မှတ်လျှော့ချခြင်းခံထားရပြီး ဖြစ်တဲ့ အဲဗာတန်မှာလည်း အမြတ်နှင့် ရေရှည် တည်တံ့ရေး စည်းမျဉ်းချိုးဖောက်မှုကြောင့် နောက်ထပ် ရမှတ် လျှော့ချခြင်းခခံရနိုင်တဲ့ အနေအထားမျိုးမှာ ရှိပါတယ်။