ချဲလ်ဆီးကနေ ပြောင်းရွှေ့ပြီး သွားရောက် ကစားချင်တဲ့ ကလပ်အသင်း ရှိနေသေးတဲ့ သီယာဂိုဆေးလ်ဗား

ချဲလ်ဆီးအသင်းရဲ့ ဝါရင့် နောက်ခံလူ သီယာဂိုဆေးလ်ဗားဟာ အသက် ၃၉ နှစ်အရွယ်ရှိလာပြီ ဖြစ်ပေမယ့် ချဲလ်ဆီးကနေ နောက်ထပ် ပြောင်းရွှေ့ ကစားချင်တဲ့ အသင်း ရှိနေပါသေးတယ်။

ဆေးလ်ဗားက သူ့ အသင်းဟောင်း ဖလူမီနီးစ်အသင်းထံ ပြန်လည် ပြောင်းရွှေ့ ကစားဖို့ ဆန္ဒ ရှိနေကြောင်း သတင်း ထွက်နေပါတယ်။

သီယာဂိုဆေးလ်ဗား ဟာ ယခုရာသီအကုန် ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်ကတည်းက ပီအက်စ်ဂျီအသင်းကနေ ပြောင်းရွှေ့ကစားနေခဲ့တာ ဖြစ်ပါတယ်။

ဖလူမီနီးစ် အသင်းအားကစားဒါရိုက်တာ ဖရတ်ကိုယ်တိုင်က ဆေးလ်ဗားကို ခေါ်ယူလိုနေကြောင်း အတိ အလင်း ထုတ်ဖော်ပြောဆိုထားပြီး ယခုတစ်ခေါက် ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ဆေးလ်ဗားကို ထပ်မံခေါ်ယူခွင့်ရဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြ ပိုချက်တီနိုကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ ဆေးလ်ဗားကို ပုံမှန်ပွဲထွက်ခွင့် ပေးခြင်း မရှိခဲ့သလို ဆေးလ်ဗား ဇနီးဖြစ်သူရဲ့ လူသိရှင်ကြား ဝေဖန်မှုတွေပါ ခံနေရတာကြောင့် ယခုလို ဆေးလ်ဗားကို မျက်နှာသာ ပေးခြင်း မရှိတော့တာလည်း ဖြစ်ပါတယ်။

ဆေးလ်ဗားဟာ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်ကြားတုန်းက ဖလူမီနီးစ်အသင်းထံ ပြောင်းရွှေ့ ကစားခဲ့ဖူးပြီး အဆိုပါအသင်းနဲ့ ဥရောပ ကစားသမားဘဝကို ထပ်မံတက်လှမ်းနိုင်ခဲ့တာ ကြောင့် ဖလူမီနီးစ်က ဆေးလ်ဗားရဲ့ အောင်မြေ တစ်ခု ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။