ဖလားရ၊ မရ ဆိုတာနဲ့ သူ့ကို အကဲမဖြတ်ကြဖို့ ချဲလ်ဆီး ပရိသတ်တွေအား နည်းပြ ပိုချက်တီနို ကြိုတင် တောင်းဆို

ချဲလ်ဆီး နည်းပြ ပိုချက်တီနို က ဆုဖလားအောင်မြင်မှုဖြင့် သူ့နည်းပြအရည်အသွေးကို မဆုံးဖြတ်ကြရန် ချဲလ်ဆီးပရိသတ်များအား တောင်းဆိုလာပါတယ်။

အာဂျင်တီးနားလူမျိုးနည်းပြဟာ အင်္ဂလန်တွင် နည်းပြအဖြစ် ကျင်လည်နေစဉ်အတွင်း ပထမဆုံးဆုဖလားရရှိရေးအဖြစ် ယနေ့ညတွင် ဝင်ဘာလေကွင်းမှာ လီဗာပူးနှင့် ကာရာဘောင်ဖလားဗိုလ်လုပွဲ ကစားသွားရပါမယ်။

ချဲလ်ဆီးဟာ ၂၀၁၈ ခုနှစ်တုန်းက အက်ဖ်အေဖလား ဆွတ်ခူးပြီးနောက်ပိုင်းတွင် ပြည်ပ ဆုဖလား ၄ လုံး ဆွတ်ခူးနိုင်ခဲ့ပေမဲ့ ပြည်တွင်းဆုဖလားနှင့် ဝေးကွာနေခဲ့ပါတယ်။

ပိုချက်တီနိုဟာ ချဲလ်ဆီးကို မကိုင်တွယ်မီ ဆောက်သမ်တန်၊ စပါးစ်တို့အား ကိုင်တွယ်ခဲ့ပေမဲ့ အင်္ဂလန်မှာ ဆုဖလား မရဖူးသေးပါဘူး။

ပိုချက်တီနိုက “ကျွန်တော့်အတွက် နည်းပြတစ်ဦးကို ဆုံးဖြတ်နိုင်တဲ့ နည်းလမ်းမရှိပါဘူး။ ပြိုင်ဆိုင်မှု ပြင်းထန်ရေး၊ အောင်နိုင်ရေးတို့က အဓိကကျတယ်ဆိုပေမဲ့ လွှမ်းမိုးဖို့အတွက် အခြား အကြောင်းအရာတွေလည်း ရှိပါသေးတယ်။

ဒီည နိုင်ပွဲရလို့ ဖလားရရင် ကျွန်တော့်ကို ပိုနာမည်ကြီးလာမယ်လို့ မထင်သလို ပရိသတ်တွေလည်း ဒီလိုပဲ အမြဲမြင်တွေ့ရမယ်လို့ မထင်စေချင်ပါဘူး”လို့ ပြောကြားသွားပါတယ်။

တဖက်တွင် လီဗာပူးဟာ ယခုရာသီတွင် ဆုဖလား ၄ လုံး လမ်းကြောင်းပေါ်တွင် ရှိနေပြီး ကာရာဘောင်ဖလားမှာ ပထမဆုံး ဆွတ်ခူးနိုင်တဲ့ ဆုဖလား ဖြစ်နေပါတယ်။

လီဗာပူးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေသလို အက်ဖ်အေဖလား၊ ယူရိုပါလိဂ်ဖလားပြိုင်ပွဲတို့လည်း ယှဉ်ပြိုင်နေတုန်း ဖြစ်ပါတယ်။

ချဲလ်ဆီးနှင့် လီဗာပူးတို့ဟာ ၂၀၂၂ ခုနှစ်တုန်းက အက်ဖ်အေဖလားနှင့် ကာရာဘောင်ဖလားဗိုလ်လုပွဲတို့တွင် ထိပ်တိုက်တွေ့ခဲ့ပြီး နှစ်ကြိမ်လုံး လီဗာပူးက ပင်နယ်တီဖြင့် အနိုင်ရရှိခဲ့ပါတယ်။