ကာရာဘောင်းဖလား ချန်ပီယံ ဖြစ်ရင် ရမယ့် ဆုကြေး က ချယ်ဆီး ကစားသမားတွေ နေ့စဉ်လုပ်ခထက်တောင် နည်းနေ

လာမယ့် တနင်္ဂနွေနေ့ ဝင်ဘာလေကွင်းကြီးမှာ ယှဉ်ပြိုင်ရမယ့် ကာရာဘောင်းဖလားကို အနိုင်ရမယ်ဆိုရင် ချယ်ဆီးကစားသမားတွေ အနိုင်ရမယ့် ဆုကြေးဟာ နည်းပါးလွန်းလှကြောင်း ဒေးလီးမေးလ် သတင်းဌာနက ဖော်ထုတ်လာပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က အေဘရာမိုဗစ် လက်ထဲကနေ ချယ်ဆီးအသင်းကို တော့ဘိုးလေနဲ့ အပေါင်းအပါတို့ဟာ ပေါင် ဘီလျံနဲ့ချီ အကုန်အကျခံ ဝယ်ယူခဲ့တာပါ။ ဒီဈေးကွက်တွေအတွင်း ၎င်းတို့ဟာ အသုံးစရိတ် ပေါင် ဘီလျံနဲ့ချီ ထပ်မံ ကုန်ကျခံပြီး လူစာရင်း တစ်ခုကို တည်ဆောက်နေတာ ဖြစ်ပါတယ်။

ကာရာဘောင်းဖလား အနိုင်ရခဲ့ရင် ချယ်ဆီးဘက်က အသင်းသားတွေကို ဆုကြေး ပေါင် ၅၀၀၀၀၀ ပေးမှာဖြစ်ပါတယ်။ ပြိုင်ပွဲအတွင်း ပါဝင်ကစားရတဲ့ မိနစ်အလိုက် ဆုကြေးတွေကို ခွဲဝေယူရမှာဖြစ်ကာ ချယ်ဆီး ကစားသမား တစ်ဦးကို ပေါင် ၂၀၀၀၀ ဝန်းကျင်သာ ရဖွယ်ရှိပါတယ်။

ဒါဟာ ချယ်ဆီးကစားသမားတွေရဲ့ နေ့စဉ် လုပ်ခထက်တောင် ပိုနည်းတဲ့ ဆုကြေးလို့လည်း မေလ်းသတင်းက ဖော်ပြသွားခဲ့တယ်။ သို့ပေမယ့် ဂုဏ်သိက္ခာအရကော နည်းပြပိုချက်တီနိုလက်ထက် ပထမဆုံး ဆုဖလားဖြစ်တဲ့အတွက်ပါ ချယ်ဆီးတို့ အားထည့် ယှဉ်ပြိုင်လာမှာပါ။

ကာရာဘောင်းဖလား အောင်မြင်ခြင်းအတွက် EFL က ပေးမယ့် ဆုကြေးကတော့ ပေါင် ၁ သိန်းဖြစ်ပြီး ဒုတိယရမယ့် အသင်းအတွက် ဆုကြေးကတော့ ပေါင် ၅ သောင်း ဖြစ်ပါတယ်။

အခြားသော အင်္ဂလန်ပြည်တွင်းဖလားဖြစ်တဲ့ အက်ဖ်အေဖလားကတော့ ပိုများတဲ့ ဆုကြေးကို ပေးအပ်နေပြီး အနိုင်ရမယ့် အသင်းဟာ ဆုကြေး ပေါင် ၄ သန်း ရရှိမယ်လို့ သိရပါတယ်။