မစ်ဒယ်ဘရော့ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအတွင်း ချဲလ်ဆီးရဲ့ တိုက်စစ်ကစားပုံ ဘာမှားနေခဲ့လဲ ထောက်ပြမှု

မစ်ဒယ်ဘရော့ အသင်းကို ရင်ဆိုင်ကစားရာမှာ ချဲလ်ဆီးက မညံ့ခဲ့ပေမယ့် အသင်းဖော်ကြား နားလည်မှုပိုင်းမှာ လိုအပ်ချက် ကြီးမားလှကြောင်း ဟက်ဆယ်ဘိန့်ခ် က ထောက်ပြပါတယ်။

ချဲလ်ဆီး အသင်းသားတွေဟာ အချင်းချင်းကြား ကြိုးစားပေးမှု နည်းပါးခဲ့သလို တောင်ပံကစားသမား ကိုးလ်ပါလ်မာကလည်း အပိုင်ဂိုးသွင်းခွင့် ၃ကြိမ်လောက် ရခဲ့ပေမယ့် အခွင့်အရေးအားလုံး အံ့အားသင့်ဖွယ် လွဲချော်ခဲ့ပါတယ် ။

ဘောလုံးကိုင်ကစားခွင့် ရခဲ့သလို အခွင့်အရေးများစွာ ရရှိခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တဲ့ ချဲလ်ဆီးဟာ ထုံးစံအတိုင်း ခံစစ်ကာကွယ်ရာမှာ လိုအပ်ချက်တွေ ရှိခဲ့တာမို့ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။

ဟက်ဆယ်ဘိန့်ခ်က ” ချဲလ်ဆီးမှာ နည်းစနစ် အခင်းအကျင်း တိတိကျကျ ရှိပါတယ် ။ ဒါပေမယ့် သူတို့ အနေနဲ့ ပြိုင်ဖက် ခံစစ်ကြောင်းကို ဖြိုခွင်းဖို့ ဒီထက် ပိုလိုခဲ့ပါတယ် ။ ပြိုင်ဖက် ခံစစ်မှာ နေရာလွတ်တွေပေါ်အောင် တကိုယ်ကောင်းမဆန်တဲ့ ပြေးလွှားမှုတွေ ပိုလုပ်ပေးဖို့ လိုခဲ့ပါတယ် ။ ”

” ပြိုင်ဖက် ပင်နယ်တီ ဧရိယာအတွင်း ရာဟင်း စတာလင် တယောက်တည်း ရှိနေတဲ့ အချိန်မျိုးတွေမှာ ဖြတ်တင်ဘော မလုပ်မိဖို့ လိုပါတယ် ။ ဒါဟာ ခင်ဗျားရဲ့ အသင်းဖော်တွေ အကြား ဘယ်လောက်ထိ နားလည်မှု ပြည့်နေတယ် ဆိုတာနဲ့ပဲ သက်ဆိုင်ပါတယ် ။ ဒီနေ့ ချဲလ်ဆီးမှာ ဒါမျိုး မရှိနေခဲ့ပါဘူး ။ ”

” သူတို့ရဲ့ ကစားပုံက နှေးကွေးလေးလံခဲ့ပါတယ် ။ ပုံသေဖြစ်နေတာများပြီး ၊ ဘိုရိုကို ပျော်ရွှင်စေတဲ့ တန်ပြန်တိုက်စစ် ဆင်ခွင့်တွေ အများကြီး ခွင့်ပြုခဲ့ရပါတယ် ။ ဒါကြောင့် ဘိုရိုဟာ ဒီနေ့မှာ အန္တရာယ်ရှိတဲ့ပုံ ပေါ်ခဲ့တာပါ ။ ဒါတွေအားလုံးဟာ စိတ်ဓာတ်ခံယူချက်ကနေပဲ စတင်တာပါ ။ ” လို့ သုံးသပ်ခဲ့ပါတယ် ။

ပိုချက်တီနိုရဲ့ အသင်းဟာ ဒီရှုံးပွဲကို ကုစားဖို့ ဒုတိယမြောက် အခွင့်အရေး ရှိနေဆဲဖြစ်ပြီး အိမ်ကွင်းမှာ အနိုင်ရလဒ်ဖြင့် တုန့်ပြန်ပြီး ဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။