ပိုချက်တီနိုရဲ့ ချယ်ဆီးအသင်း နည်းပြ ရာထူးက ခိုင်မာနေသေးတယ်လို့ သတင်းပေးလာတဲ့ ရိုမာနို

ဒီတလောမှာ ချယ်ဆီး အသင်းဟာ ရလဒ်ဆိုးတွေပိုင်ဆိုင်ထားပြီး ပုံစံကောင်းနဲ့ ဝေးကွာနေဆဲ ဖြစ်သော်လည်း အသင်းနည်းပြ ပိုချက်တီနိုကတော့ ရေရှည်စီမံကိန်းတွေ အတွက် စတန်းဖို့ဒ်ဘရစ်ချ်မှာ ဆက်ရှိနေဦးမှာ ဖြစ်တယ်လို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယိုရိုမာနိုက အတည်ပြုပြောကြားလာခဲ့ပါတယ်။

ချယ်ဆီး ဟာ ပရီးမီးယားလိဂ်ပွဲစဉ် နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရှိခဲ့တာကြောင့် တိုးတက်ဖို့ လိုအပ် သေးတယ်လို့ ရိုမာနိုက ဝန်ခံခဲ့ပါတယ်။ ဒီလိုရလဒ်တွေဟာ ချယ်ဆီး လို ထိပ်တန်း အသင်း တစ်သင်း အတွက်တော့ လုံလောက်အောင် ကောင်းမွန်ခြင်း မရှိပါဘူး။

ချယ်ဆီး ပရိသတ်တွေ အနေနဲ့ အသင်းရဲ့အနာဂတ်အတွက်စိုးရိမ်မှုတွေ ရှိနေသော်လည်း အသင်းရဲ့ ဘုတ်အဖွဲ့နဲ့ နည်းပြပိုချက်တီနိုတို့အကြား ရေရှည်စီမံကိန်းတွေ ရှိနေတာကြောင့် ပိုချက်တီနိုရဲ့ နည်းပြ ရာထူးဟာ ဘေးကင်းနေဆဲဖြစ်တယ် လို့ ရိုမာနိုကဆိုပါတယ်။

ရိုမာနိုက “မန်ချက်စတာ ယူနိုက်တက်နဲ့ အဲဗာတန်တို့ကို ၂ ပွဲဆက်ရှုံးနိမ့်ခဲ့တဲ့ ရလဒ်ဆိုးတွေကို ချယ်ဆီး ပရိသတ်တော်တော်များများက စိတ်ပျက်ကြပါလိမ့်မယ်။ အခုချိန်မှာ ပိုချက်တီနိုရဲ့ချဲလ်ဆီးဟာ နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ နိုင်ထားတာကြောင့် တိုးတက်မှုတွေရှိဖို့ လိုအပ်လာပါပြီ။

အခုလို ရလဒ်တွေက အသင်းအတွက် လုံလောက်မှုမရှိပါဘူး။ ခုချိန်မှာတော့ ပိုချက်တီနိုရဲ့ အပြောင်းအရွှေ့ ပစ်မှတ်တွေကို တိတိကျကျမပြောနိုင်သေးပါဘူး။ ယေဘုယျအားဖြင့်တော့ လက်ရှိရေရှည်စီမံကိန်းကို ချယ်ဆီးက ကာကွယ်ပေးထားပြီး ပိုချက်တီနိုကို ကျောထောက်နောက်ခံပေးနေတုန်းပါပဲ။

ဒီနှစ်အမှတ်ပေးဇယားမှာ ချဲလ်ဆီးဟာ ဘယ်အဆင့်မှာ ရှိရမယ်ဆိုတဲ့ ဖိအားမျိုးလည်း ပိုချက်တီနိုအပေါ်မှာ မရှိသေးပါဘူး။ လက်ရှိအခြေအနေကို ပြောင်းလဲပစ်ဖို့လိုအပ်တာကတော့ သေချာပါတယ်။

ဒါပေမယ့် ချယ်ဆီး အသင်းကတော့ သူတို့ မန်နေဂျာ ဘက်မှာရပ်တည်နေပြီး မန်နေဂျာရဲ့ စိတ်ကူးတွေကို ရေရှည် ယုံကြည်ပြီး ထောက်ခံပေးဖို့ တောင်းဆိုနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။