ချယ်ဆီးစတားထံက အကောင်းဆုံးတွေ မြင်လိုရင် လက်ရှိနေရာမှာပဲ ဆက်သုံးဖို့ အကြံပေးချက်

ချယ်ဆီးအသင်း အစွန်ကစားသမားဟောင်း ဂလင်းဂျွန်ဆင်က လက်ရှိ လူစာရင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ ခံစစ်သမား လီဗိုင်း ကိုဝဲလ်နဲ့ ပတ်သက်လို့ အကြံပေးစကား ပြောဆိုလာပါတယ်။

ကိုဝဲလ်ဟာ နည်းပြပိုချက်တီနိုရဲ့ ပွဲထွက် အခင်းအကျင်းမှာ ဘယ်ခြမ်း အစွန်လူနေရာ ကစားခဲ့ရင်း ဒီနောက်ပိုင်းမှာ ဆေးဗားနဲ့တွဲဘက်ကာ ဗဟိုခံစစ်မှူးနေရာ ဝင်ကစားနေတာပါ။ ဂျွန်ဆင်ကတော့ ဘောလုံးဖြန့်ဝေမှု ကောင်းပေမယ့် အပြေးအား မရှိတဲ့ ကိုဝဲလ်ကို ခံစစ်မှူးနေရာမှာပဲ ဆက်သုံးဖို့ တိုက်တွန်းခဲ့ပါတယ်။

ဂျွန်ဆင်က ” လီဗိုင်း ကိုဝဲလ်ကို ဘယ်နေရာမှာ ကစားချင်လဲလို့ မေးကြည့်ရင် သူကတော့ ဘယ်အစွန်မှာ မကစားချင်ဘူးလို့ ပြောကောင်းပြောပါလိမ့်မယ်။ သူဟာ အပြေးအမြန်ဆုံး ကစားသမား မဟုတ်ပါဘူး။ ကျနော်ကတော့ အစွန်နောက်ခံလူ တယောက်ဟာ ပြေးနှုန်းကောင်းရမယ် ထင်ပါတယ်။

မန်နေဂျာထံက ပွဲကစားခွင့်အတွက် ယုံကြည်ခြင်း ခံနေရတာက ကောင်းပါတယ်။ သူအကောင်းဆုံး ကစားနိုင်မယ့် နေရာမှာ ကစားရရင် ပိုကောင်းမှာပါ။ အဲ့တာကတော့ ဗဟိုခံစစ်မှူး နေရာပါပဲ။ သူက နည်းစနစ်ကောင်းတယ်၊ ပြိုင်ဘက် ခံစစ်ကြောင်းကို ဖောက်ထွက်ဖို့ ဘောလုံးပေးရာမှာလည်း ကောင်းပါတယ်။

အစွန်နေရာမှာ ကိုဝဲလ်ကို သုံးရင် သူ့ကို မှန်မှန်ကန်ကန် လမ်းညွှန်ပေးနိုင်မယ့်သူ လိုအပ်တယ်။ မဟုတ်ရင် သူ့လို ပြေးနှုန်းမကောင်းတဲ့ ကစားသမားက အငိုက်မိခံရတာတွေ ရှိလာမှာပါ ” လို့ ပြောကြားခဲ့ပါတယ် ။

အသင်းဟာ ဘောလုံးရာသီသစ် မစတင်မီ အကယ်ဒမီထွက် ခံစစ်မှူး လီဗိုင်း ကိုဝဲလ်ကို နှစ်ရှည်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။