ဒါဝင်ကို ပုံမှန် ပွဲထွက်ခွင့် မပေးဘဲ အရံခုံမှာ ထိုင်ခိုင်းထားရတဲ့ အဓိက အကြောင်းရင်းအား ကလော့ပ် ထုတ်ပြောလာ

ဒါဝင်ဟာ ဇန်နဝါရီမှာ ဂက်ပို ရောက်လာတဲ့နောက်ပိုင်း ပုံမှန်ပွဲထွက်ခွင့် စတင် ဆုံးရှုံးလာပေမယ့် ဒါဟာ ကစားသမားကို လေ့ကျင့်ရေးမှာနဲ့ ပြင်ပမှာ ပိုပြီး အချိန်ပေးဖို့ ကလပ်ဘက်က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်နိုင်ပါတယ်။

အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီရာသီမှာ ရုန်းကန်နေရတဲ့တိုင်အောင် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၅ ဂိုး ရယူထားပြီး ဂိုးထောက်ပံ့မှု ၄ ကြိမ် ပြုလုပ်ထားနိုင်ဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဝင်ကို ဘာလို့ အရံမှာ ထိုင်ခိုင်ထားသလဲ ဆိုတာကို ကလော့ပ်က အခုလို ရှင်းပြပါတယ်။

“ ဒါဝင်က ကျနော်တို့ရဲ့ အခြားတိုက်စစ်သမားတွေနဲ့ မတူညီတဲ့ အရည်အချင်းရှိတာ ကောင်းပါတယ်။ သူက အတော်လေးကို အသုံးဝင်တယ်၊ စက်တစ်လုံးလိုဖြစ်ပြီး ဂိုးတွေ အများကြီး သွင်းယူပါလိမ့်မယ်။ အခုတောင်မှ သူ ဂိုးတွေ အတော်လေး သွင်းထားပါပြီ။

ဒါပေမယ့် သူက အသားကျလာနေဆဲ ဖြစ်ပါတယ်။ သူ့ရဲ့ အင်္ဂလိပ်စကားပြောက သိပ်မကောင်းသေးပါဘူး။ ကျနော်တို့ အဲ့အတွက် အားထည့်ပြီး ကြိုးစားပေးနေတယ်။ အသင်းအတွက် သူ ခက်ခဲစွာ ကျော်ဖြတ်နေရတဲ့ ပထမရာသီကလည်း အကူအညီ မဖြစ်ပါဘူး။

အသင်းရုန်းကန်နေရမှတော့ တိုက်စစ်မှူးက ဘယ်လိုလုပ် တောက်ပနိုင်မလဲ? မဖြစ်နိုင်သလောက်ပဲလေ။ ဒါပေမယ့် သူက ကျနော်တို့အတွက် ကောင်းမွန်တဲ့ အခိုက်အတန့်တွေ ရှိထားပါတယ် ” လို့ ကလော့ပ်က ပြောပြသွားတာ ဖြစ်ပါတယ်။

လေ့ကျင့်ရေးမှာ သီယေဂိုက သူ့အတွက် အဓိက ဘာသာပြန် လုပ်ပေးနေခဲ့ပေမယ့် အသင်းလိုက်မှာ ပိုမို ပါဝင်ဖို့ဆိုရင် ဒါဝင် ကိုယ်တိုင်ကပဲ ကြိုးစားရမှာပါ။ တိုက်စစ်မှူးကို လေ့ကျင့်ရေးနဲ့ ဘာသာစကားပိုင်း ပိုမို အာရုံစိုက်စေကာ လာမယ့် ရာသီတွေအတွက် ကြိုတင် ပြင်ဆင်နေစေခြင်းပဲ ဖြစ်ပါတယ်။

ကလောပ့်ကပဲ “ ဒါဝင် အင်္ဂလိပ်လို သင်ရမယ်။ ကျနော်တို့မှာ ကိစ္စတိုင်းအတွက် ဘာသာပြန်တွေ ရှိပါတယ်။ ဒါပေမယ့် လေ့ကျင့်ရေး အစီအစဉ်မှာ ဘာသာစကား ၄ မျိုးလောက်အတွက် ဘာသာပြန်ပေးနေလို့ မရပါဘူး ” လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။