စပို့တင်း ၁-၁ ဂျူဗင်တပ်ပွဲကို လီဗာပူး ကင်းထောက်လွှတ်၊ ရာဘီရော့နဲ့ ပက်ဒရို ဂွန်ဆာဗစ်ကို စောင့်ကြည့်ခြင်းလို့ သတင်းထွက်

လီဗာပူးအသင်းဟာ မနက်တုန်းက ၁-၁ သရေကျခဲ့တဲ့ စပို့တင်းနဲ့ ဂျူဗင်တပ်တို့ရဲ့ ယူရိုပါလိဂ် ကွာတားအဆင့် ပွဲစဉ်ကို တက်ရောက် ကြည့်ရှုခဲ့ပါတယ်။

ဂျူဗင်တပ်အသင်း နောက်အဆင့်ကို တက်ရောက်သွားကာ ယူနိုက်တက်ကို အနိုင်ယူ ကျော်ဖြတ်လာတဲ့ ဆီးဗီးလာနဲ့ ထိပ်တိုက်တွေ့မှာ ဖြစ်ပါတယ်။ လီဗာပူး အပါအဝင် အက်စတွန်ဗီလာ၊ နယူးကာဆယ်၊ စပါးအသင်းတို့ဟာ အဆိုပါပွဲမှာ ကစားသမား များစွာကို ကင်းထောက် စောင့်ကြည့်ဖို့ တရားဝင် ဝင်ကြည့်ခဲ့ကြတာလို့ သိရတယ်။

ဂျူဗင်တပ်အသင်းရဲ့ ရာဘီရော့၊ စပို့တင်း အသင်းရဲ့ အတ်ဝပ်နဲ့ ပက်ဒရို ဂွန်ဆာဗစ်တို့ကို အသင်းအများအပြားက စောင့်ကြည့်ခဲ့ကြတာပါ။ လီဗာပူးအသင်းကတော့ ရာဘီရော့၊ ပက်ဒရို ဂွန်ဆာဗစ်၊ အီနာဆီယိုတို့ရဲ့ ခြေစွမ်းကို သွားကြည့်ခဲ့တာ ဖြစ်ပါတယ်။

ရာဘီရော့ဟာ လီဗာပူးအပြင် မန်ချက်စတာ ယူနိုက်တက်နဲ့လည်း သတင်းတွေ ထွက်နေသူပါ။ သူ့ရဲ့အေးဂျင့်အဖြစ် တာဝန်ယူနေတဲ့ မိခင်ဖြစ်သူဟာ စာချုပ်ကိစ္စတွေကို ဦးဆောင် ဆွေးနွေးသွားမှာဖြစ်ပြီး လီဗာပူးထံက ချိတ်ဆက်မှုတွေ မမြင်ရသေးပါဘူး။

အီတလီ သတင်းဌာနနဲ့ အင်တာဗျူးမှာ ရာဘီရော့က ” ကျနော် လီဗာပူးကို အတော်လေး နှစ်သက် မြတ်နိုးပါတယ်။ ကျနော်က စတီဗင်ဂျရတ် အမာခံ ပရိသတ်ပါ။ သူက ကျနော်ရဲ့ အိပ်မက် ကစားသမားပါပဲ။ ဒါကြောင့်ပဲ လီဗာပူးကို လိုက်ပါ အားပေးဖြစ်ပါတယ်” လို့ မတ်လတုန်းက ထုတ်ပြောခဲ့ပါတယ်။

လီဗာပူးအသင်းဟာ စပို့တင်းမှ ၂၁ နှစ်အရွယ် ဂွန်ကာလို အီနာဆီယိုကို စောင့်ကြည့်လာတာ တစ်နှစ်နီးပါး ရှိနေပြီဖြစ်ကာ အသက် ၂၄ နှစ်အရွယ် ဂွန်ဆာဗစ်ကတော့ ဒီရက်ပိုင်းမှ သတင်းထွက်လာတာ ဖြစ်ပါတယ်။