ဂျိုတာကို ပွဲထုတ်ရခြင်း အကြောင်းရင်းအား ကလော့ပ် ရှင်းပြ၊ ခြေစွမ်း မပြရင် အရန်ခုံ ရောက်တော့မယ် နားလည်ထားတဲ့ ဂျိုတာ

လီဗာပူးက လိဒ်စ်ယူနိုက်တက်ကို ၆-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ နည်းပြကလော့ပ်ဟာ ပုံမှန်ခြေစွမ်းအောက် ရောက်နေတဲ့ ဂျိုတာကို ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။

ဂျိုတာဟာ အစောပိုင်း မိနစ် ၃၀ လောက်ထိ ဖိအားတွေနဲ့အတူ တော်တော်လေး ကစားပုံပျက်နေခဲ့ပါတယ်။ ဒါပေမယ့်လို့ ဆာလာအတွက် ဖန်တီးမှု လုပ်ပေးနိုင်တဲ့နောက် တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်လာပြီး ဒုတိယပိုင်းမှာဆိုရင် ဒီရာသီ သူ့ရဲ့ ပထမဆုံး သွင်းဂိုးနဲ့ ဒုတိယသွင်းဂိုးတွေကို ရသွားခဲ့ပါတယ်။

ဂျိုတာရဲ့ ပထမဆုံးဂိုးက အဆုံးသတ်ပုံ ကောင်းသလို ကွင်းလယ်ကနေ ကားတစ်ဂျုံး ဖန်တီးပေးမှုကလည်း အတော်လေး ကောင်းပါတယ်။ ဒုတိယဂိုးကတော့ ဧရိယာထိပ်ကနေ ရလာတဲ့ အခွင့်အရေးကို ပိတ်ခဲ့တာဖြစ်ပြီး ဘောလုံးက အရှိန်နည်းပေမယ့် ဂိုးသမားရဲ့ ထောင့်ကို လိမ့်ဝင်သွားခဲ့တာ ဖြစ်ပါတယ်။

ဂျိုတာအပေါ် ဘာလို့ ယုံကြည်မှု ပေးခဲ့လဲဆိုတဲ့ မေးခွန်းအတွက် ပွဲအပြီးမှာ နည်းပြ ကလော့ပ်က ” ဂျိုတာ ဒဏ်ရာကြောင့် အချိန်အကြာကြီး မကစားနိုင်ခဲ့ပါဘူး။ ဒီယက်ဇ်လိုပေါ့။ ဒီပွဲအတွင်း ဂျိုတာက အရမ်းကောင်းတဲ့ အခိုက်အတန့်တွေမှာ ပါဝင်ခဲ့ပြီး ဘောလုံး ပြန်ယူပေးတယ်၊ မိုအတွက် ဖန်တီးပေးခဲ့တယ်။

သူက တိုးတက်လာရမှာတွေ ရှိနေသေးပေမယ့် အခိုက်အတန့် အချို့မှာ သူ့ရဲ့ ရစ်သမ်ကို ၁၀၀% ပြန်မရသေးတာ မြင်ရပါတယ်။ ဒီညပွဲမှာ အခြား မတူညီတဲ့ တိုက်စစ် ၃ ယောက်တန်းကို ထုတ်လို့ရပေမယ့် ကျနော်တို့ လိုအပ်တဲ့ အတွဲကို ထုတ်သုံးခဲ့တာ ဖြစ်ပါတယ် ” လို့ ပြောပြပါတယ်။

မနှစ်က ဧပရယ်မှာ မန်စီးတီးကို ရင်ဆိုင်စဉ် ဂိုးသွင်းယူခဲ့ပြီးနောက် ရက်ပေါင်း ၃၇၃ ရက်အကြာမှ ဂိုးပေါက် ပြန်တွေ့ခဲ့တဲ့ ဂျိုတာဟာ အတော်လေး ပျော်ရွှင်နေခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ဂျိုတာကပဲ “ ကျနော်တို့က လီဗာပူးပါ။ ကျနော်တို့မှာ ကစားသမားကောင်းတွေ ရှိပါတယ်။ ပွဲထွက်လူစာရင်းအတွက် အမြဲတမ်း ကြိုးစား တိုက်ခိုက်နေရတယ်၊ ကိုယ့်ရဲ့ အကောင်းဆုံးကို မပြသနိုင်ရင် အရန်ခုံ ရောက်သွားပါလိမ့်မယ် ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။