လိဒ်စ်ကို ဂိုးပြတ် နိုင်ပေမယ့် လီဗာပူးကို တစက်မှ မချီးကျူးဘဲ နေဖို့ ဆုံးဖြတ်ထားတဲ့ ကာရေဂါ

လိဒ်စ်ကို ဂိုးပြတ် အနိုင်ရပေမယ့် လီဗာပူးအသင်း ရာသီကုန်ရင် ထိပ်ဆုံး ၄ သင်းဝင်ရေး တိုက်ခိုက်နိုင်မယ်လို့ မယုံကြည်ကြောင်း ကာရေဂါက ထုတ်ပြောလာပါတယ်။

ကလော့ပ်ရဲ့ အသင်းသားတွေဟာ ၅ ပွဲဆက် နိုင်ပွဲပျောက်နေမှုကို အဝေးကွင်း ဂိုးပြတ် နိုင်ပွဲဖြင့် ရပ်တန့်နိုင်ခဲ့ပေမယ့် ဒီရာသီမှာ လီဗာပူးက နည်းနည်းလေးမှ ယုံစားလို့မရပါဘူး။ ကိုနတေးရဲ့ ဖြစ်ရပ်ဟာ လိဒ်စ်ကို ပွဲထဲ ပြန်ဝင်လာဖို့ ကူညီလု ဖြစ်ခဲ့ပါသေးတယ်။

ဆာလာ၊ ဂျိုတာတို့ သွင်းဂိုး ၂ ဂိုးစီ ရခဲ့တဲ့ ဒီပွဲမှာ ဂက်ပိုရဲ့ အခန်းကဏ္ဍက အရေးပါခဲ့ပါတယ်။ လူစားဝင် တိုက်စစ်သမား ဒါဝင်ပါ ဂိုးရခဲ့တာမို့ ကာရေဂါက အသင်းကို နည်းနည်းလေး မျှော်လင့်ချက် ထားရှိနေပေမယ့် အသင်းပရိသတ်တွေ မျှော်လင့်ချက်တွေ ထားလာတိုင်း ရိုက်ချလေ့ရှိတာကြောင့် လီဗာပူးနဲ့ ပတ်သက်ပြီး ချီးကျူးစကား မပြောဖို့ ကာရေဂါက ဆုံးဖြတ်ထားပါတယ်။

‘ ဒီညပွဲလို စွမ်းဆောင်ရည် တသမတ်တည်း ကစားနိုင်မယ်ဆိုရင် လက်ကျန် ပွဲစဉ်တွေမှာ ပွဲစဉ် အများစုကို လီဗာပူးက အနိုင်ရမှာပါ။ ‘ လို့ ကာရေဂါက ဆိုပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီ အဝေးကွင်းပွဲတွေမှာ အတော်လေး ရုပ်ဆိုးလေ့ရှိပြီး အဝေးကွင်း ၃ ပွဲဆက် ၃ ဂိုးပြတ်တွေ ရှုံးထားဖူးပါတယ်။ ဒါ့အပြင် တန်းဆင်းဇုန်က အသင်းတွေကို အဝေးကွင်းတွေမှာ ရလဒ် မယူနိုင်မှုတွေရှိကြောင်း အချက်အလက် တစ်ခု ထွက်ပေါ်လာပါသေးတယ်။

ကာရေဂါကပဲ ” ဒီညမှာ အချက်အလက်တွေအရ ကျနော်တို့ မြင်ခဲ့တာ တစ်ခု ရှိပါတယ်။ ဒီပွဲဟာ ဒီရာသီ အဝေးကွင်းမှာ ဇယားအောက်နားက အသင်းတစ်သင်းကို လီဗာပူးတို့ ပထမဆုံးအကြိမ် နိုင်ခဲ့တာပါ။

ပြဿနာက လီဗာပူးကို ယုံကြည်လို့ မရတာပါပဲ။ ဘောလုံးရာသီ ပထမဆုံး ပွဲတည်းက ယုံစားလို့မရ ဖြစ်နေခဲ့တယ်။ အခုကနေစပြီး ရာသီကုန်ကြားမှာ စိတ်ပျက်လောက်စရာ စွမ်းဆောင်ရည်နဲ့ ပွဲစဉ် ၂-၃ ပွဲလောက် မြင်ရဦးမယ် ထင်ပါတယ် ‘ လို့ ကာရေဂါက မှတ်ချက်ပေးခဲ့ပါတယ်။

လီဗာပူးအသင်းဟာ အမှတ်ပေးပွဲ လက်ကျန် ၈ ပွဲ အလိုမှာ အဆင့် ၄ နေရာက နယူးကာဆယ်နဲ့ ၉ မှတ်ထိ ကွာဟနေတာမို့ မျှော်လင့်ချက် မြင့်မြင့်ထားဖို့က ဝေးကွာနေဆဲပဲ ဖြစ်ပါတယ်။