ဘိုင်ယန်မြူးနစ် ကွင်းလယ်လူကို ခေါ်ယူနိုင်ရေး ကစားသမားရဲ့ ဖခင်နဲ့ ချိတ်ဆက်ပြီဖြစ်တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ရိုင်ယန် ဂရာဗန်ဘတ်ကို ခေါ်ယူနိုင်ရေး လှုပ်ရှားမှုတွေကို ခပ်မြန်မြန်လေး ရှေ့တိုးလာခဲ့ပါပြီ။

ဒီနွေမှာ ကွင်းလယ်ပိုင်း ပြန်တည်ဆောက်ဖို့ကို ဦးစားပေးအဖြစ် ရွေးချယ်ထားတဲ့ လီဗာပူးက ပစ်မှတ်တွေကို ခပ်စောစော ခေါ်ယူလိုပြီး စျေးကွက် နောက်ကျချိန်မှ အထိတ်တလန့် ဝယ်ယူရတဲ့ panic buyer မဖြစ်ရေး အားထုတ်လိုနေတာပါ။

ကလပ်ရဲ့ ကိုယ်စားလှယ်တွေဟာ အင်္ဂါနေ့တုန်းက နယ်သာလန်ကို သွားပြီး ဂရာဗန်ဘတ်ရဲ့ ဖခင်ဖြစ်သူ ရိုင်ယန်စီနီယာနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ သူ့ကို ခေါ်ယူရေး အခြားသော ကလပ်အချို့ကလည်း စိတ်ဝင်စားထားပေမယ့် လီဗာပူးက ဦးဆုံး ချိတ်ဆက်နေတာလို့ ယုံကြည်ရတယ်။

၁၆ နှစ်သား အရွယ်မှာတင် ဥရောပရဲ့ အလားအလာရှိ ပစ်မှတ်တစ်ဦးအဖြစ် ထွန်းတောက်လာတဲ့ ဂရာဗန်ဘတ်ဟာ အေဂျက်မှာတည်းက ကလပ်အများအပြား မျက်စိကျခဲ့တာပါ။ မနှစ်ကနွေမှာတော့ ဘိုင်ယန်မြူးနစ်ထံ ပေါင် ၂၁ သန်းဖြင့် ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ပြီး ပွဲကစားချိန် နည်းပါးခဲ့ပါတယ်။

ဂရာဗန်ဘတ်ဟာ အနာဂတ်အတွက် ဒီနွေမှာတင် အသင်းထပ်ပြောင်းလိုနေပြီး လီဗာပူးက သူ့ကို ခေါ်ယူရေး ဝင်ရောက်လာခြင်း ဖြစ်ပါတယ်။ ကလပ်ဘက်က ပေါင် ၂၅ သန်းနဲ့တင် သူ့ကို ခေါ်ယူခွင့်ရှိမယ်လို့ နားလည်ရပါတယ်။

ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး မာနေးကလည်း ဒီနွေမှာ ဘွန်ဒက်လီဂါကနေ ထွက်ခွာပြီး ပရီးမီးယားလိဂ်ထံ ပြန်လာလိုနေတယ်။ မာနေးက လီဗာပူးကို ပြန်ပြောင်းလိုစိတ် ရှိပေမယ့်လို့ အသက် ၃၁ နှစ်အရွယ် တိုက်စစ်သမားကို တစ်ကျော့ပြန် ခေါ်ယူမှုမျိုးတော့ ရှိလာတော့မှာ မဟုတ်ပါဘူး။