ဘယ်လင်ဟမ်မှ မရရင် သေမလို ရှင်မလို ဖြစ်နေပြီး နွေစျေးကွက်နီးမှ မခေါ်ဘူး လုပ်တဲ့ လီဗာပူးကို ကာရေဂါ ပေါက်ကွဲ

ဂျူ့ဒ်ဘယ်လင်ဟမ်ကို လက်လျှော့လိုက်ဖို့ ဆုံးဖြတ်လိုက်ခြင်းဟာ လီဗာပူးရဲ့ အားနည်းမှု၊ ပေါ့ဆမှု၊ ညံ့ဖျင်းတဲ့ စီစဉ်မှုတွေကြောင့်လို့ ဂျေမီကာရေဂါက စိတ်ပျက်စွာ ဝေဖန်ခဲ့ပါတယ်။

လီဗာပူးဟာ ဒေါ့မွန်ကြယ်ပွင့်ကို ခေါ်ယူဖို့ အပြောင်းအရွှေ့တိုက်ပွဲထဲမှာ ရေပန်းစားခဲ့သူဖြစ်ပြီး ပရိသတ်များစွာကလည်း သူ့ကို ကလပ်ဂန္တဝင် စတီဗင်ဂျရတ် နေရာ ဆက်ခံမယ့်သူအဖြစ် အိမ်မက်မက်ခဲ့ကြတာပါ။

ပမာဏများပြားတဲ့ အပြောင်းအရွှေ့တွေ လုပ်တာဟာ ခရစ္စမတ်မှာ ၅နှစ်သား ကလေးကို ဖာရာရီကားတစ်စီး ဝယ်ပေးသလို ဖြစ်လိမ့်မယ်လို့ ကလော့ပ်က ရှင်းပြခဲ့ပေမယ့် ကာရေဂါကတော့ ဒီဆုံးဖြတ်ချက်ဟာ ပရိသတ်တွေရဲ့ ယုံကြည်မှုကို ကျိုးပျက်စေခဲ့တယ်လို့ ယုံကြည်နေပါတယ်။

စျေးကွက်တောင် မဖွင့်သေးခင် ဘယ်လင်ဟမ်ကို အန်ဖီးထံ ခေါ်ယူဖို့ ကြိုးပမ်းမှုကို ရပ်တန်လိုက်တာက အများကြီး မျှော်လင့်နေတဲ့ ပရိသတ်တွေအတွက် အားပျက်စရာ ဖြစ်သွားခဲ့ပါတယ်။ ဒါဆိုရင် ပြီးခဲ့တဲ့ နှစ်တွေက ဘယ်လင်ဟမ်ကို ရဖို့ ဟိုကန့်သတ် ဒီကန့်သတ်တွေ ဘာလို့ လုပ်နေလဲလို့ ကာရေဂါက မေးခွန်းထုတ်ခဲ့တယ်။

“ လီဗာပူးနဲ့ ကလော့ပ်ဟာ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ရင် ဥရောပမှာ ဘောလုံးကလပ်တွေ မနာလိုစရာ ကောင်းလောက်တဲ့ အဆင့်အတန်း တစ်ခုကို တည်ဆောက်ထားနိုင်ခဲ့တာပါ။

ဒီနွေရာသီမှာ ဂျူ့ဒ်ဘယ်လင်ဟမ်ကို သူတို့မခေါ်တော့ဘူး ဆိုတဲ့ သတင်းနဲ့အတူ အဲ့ယုံကြည်မှုတွေ ပျောက်ဆုံးသွားပါပြီ။ ဒီကာလတွေအတွင်း အသင်းလုပ်ဆောင်နေသမျှ အရာအားလုံးက ဘယ်လင်ဟမ်ကိုပဲ စောင့်နေသလို ပုံစံတွေ ပြသနေခဲ့တာပါ။

စတီဗင်ဂျရတ် လက်သစ်က အန်ဖီးကို ရောက်လာမှာပဲလို့ ပရိသတ်တွေ အိမ်မက်မက်ခဲ့ကြတယ်။ အပြောင်းအရွှေ့ကိစ္စ စလုပ်ဖို့ ကြိုးစားရင်း တစ်နှစ်ကြာပြီးမှ ဘေးထွက်နေလိုက်ပြီး မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ ပြိုင်ဆိုင်ဖို့ အခွင့်အရေး ပေးလိုက်တာက ကြောက်လို့ အရှုံးပေးလိုက်သလိုပဲလို့ ခံစားရတယ်။

လီဗာပူးလို ဂုဏ်သိက္ခာနဲ့ ကလပ်အသင်းက အပြောင်းအရွှေ့မှာ အင်အားပြပြီးတော့ ပြိုင်ဘက်တွေကို ခြိမ်းခြောက်ရမယ်၊ ကွင်းတွင်းရော ကွင်းပြင်ပမှာပါ ပြိုင်ဘက်တွေကို အပြိုင်ကြဲဖို့ ရှိနေရမှာပါ။

အခုတော့ လမ်းတဝက်နဲ့ လက်လျှော့ နောက်ဆုတ်သွားတယ်။ ဘာလို့လဲဆိုတော့ အားနည်းမှု၊ ပေါ့ဆမှု၊ ညံ့ဖျင်းမှုတွေနဲ့အတူ တစ်သင်းလုံးကို ပြောင်းလဲပစ်ဖို့ လုပ်ရမှာတွေ အများကြီး ရှိနေလို့ပဲ ” လို့ ကာရေဂါက ဆိုပါတယ်။

လီဗာပူးဟာ ဘယ်လင်ဟမ်ကို မခေါ်ယူပေမယ့် ကွင်းလယ်ပိုင်း ကြီးကြီးမားမား ပြောင်းလဲမှုတွေ ပြုလုပ်ရဦးမှာ ဖြစ်ပြီး ဒီနွေမှာ အသုံးစရိတ် ပေါင် သန်း ၂၀၀ ထိ လိုအပ်မှာပဲ ဖြစ်ပါတယ်။