ဗျူဟာမြောက် ပလန်ကို ဆွဲခဲ့ပေမယ့် ဟာကွက်တွေ ရှိတာကို လွန်ခဲ့တဲ့ ၂ နှစ်တည်းက သိထားတဲ့ လီဗာပူး ကစားသမား ခေါ်ယူရေး အဖွဲ့

လီဗာပူးဟာ အောင်မြင်တဲ့ ခေတ်တစ်ခုအတွက် အသင်းရဲ့ ကျောရိုးဖြစ်ခဲ့သူ အသင်းသားတွေကို ဆက်လက် ထိန်းသိမ်းထားခဲ့ပေမယ့် အဆိုပါ စာချုပ်သစ် များစွာဟာ ငွေကြေးပိုင်းအရ အတော်လေး ကုန်ကျစေခဲ့တာပါ။

မနှစ်တုန်းက ပထမဦးစားပေး ပွဲထွက်ကစားသမား ၆ယောက် အပါအဝင် အသင်းကြီး ကစားသမား ၁၀ ယောက်ကို စာချုပ်သက်တမ်း တိုးခဲ့ပါတယ်။ ထရန့်၊ ဟာဗေး၊ ကလယ်ဟာနဲ့ နက်ဖီးလစ်တို့ကို စာချုပ်သစ်ပေးပေမယ့် အသက် ၃၀တန်းထဲက ကစားသမား ၅ ယောက်ကိုပါ စာချုပ်သစ် ချုပ်ခဲ့တာဖြစ်ပါတယ်။

အယ်လီဆန်ဟာ သူ့ရဲ့ ၃၄ နှစ်ထိ အသင်းမှာ ရှိနေမယ့် ၆နှစ်စာချုပ်ချုပ်ဖို့ သဘောတူညီခဲ့ပြီး ဗန်ဒိုက်ကလည်း စာချုပ်ကုန်ရင် ၃၄ နှစ် ရှိတော့မှာပါ။ ဖာဘင်ညိုကတော့ ၃၃နှစ်၊ ရော်ဘတ်ဆန်က ၃၂ နှစ် ရှိပါလိမ့်မယ်။ ထွက်လုနီးနီး ဖြစ်ခဲ့တဲ့ ဟန်ဒါဆန်က အသက် ၃၅နှစ်အထိ ရှိမယ့် ၄နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

ဒါပေမယ့်လို့ ဒီလို သက်တမ်းရှည်တွေ ပေးအပ်လိုက်တာဟာ ကစားသမားတွေရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ခံစားမှုတွေအပေါ် သက်ရောက်နိုင်ပြီး ကောင်းမွန်လွန်းတဲ့ နည်းဗျူဟာ မဟုတ်ဘူးဆိုတာကို လီဗာပူးရဲ့ လူသစ်ခေါ်ယူရေးအဖွဲ့မှ ပုဂ္ဂိုလ်အချို့က သတိထားမိကြောင်း Melissa Reddy က ဆိုပါတယ်။

အယ်လီဆန်၊ ဗန်ဒိုက်၊ ဖာဘင်ညိုနဲ့ ရော်ဘတ်ဆန်တို့ကို သက်တမ်းတိုးချိန်မှာ သူတို့တွေက အကောင်းဆုံး စွမ်းဆောင်ပြနေတာမို့ ချက်ချာပါးနပ်တဲ့ သက်တမ်းတိုးမှုတွေလို့ ကနဦးအမြင်အရ ချီးကျူးခဲ့ကြပေမယ့် ကာလရှည်ကြာလာရင် အသင်းရဲ့ အသက်အရွယ်ပိုင်း ပြဿနာဖြစ်လာနိုင်တာကို သတိပြုမိခဲ့ကြတာပါ။

အသင်းဟာ သင့်တော်တဲ့ ဘောလုံးအသက်အရွယ်နဲ့ သွေဖယ်နေတဲ့ အဆိုပါ လက်မှတ်ထိုးမှုတွေအပြင် ကလပ်ရဲ့ အကောင်းဆုံး ကစားသမား မိုဆာလာကို ၃၃ နှစ်ထိ ဆွဲထားနိုင်ဖို့ ကြိုးစားခဲ့တယ်။ ဂိုးမက်စ်နဲ့ ဂျိုတာလို အရွယ်ကောင်း ကစားသမားတွေကိုလည်း အသက် ၃၀ ထိ ရှိနေစေမယ့် စာချုပ်တွေ ပေးခဲ့ပါတယ်။

အမာခံ ကျောရိုးတွေကို ဆက်ထိန်းထားခြင်းနဲ့အတူ ၃၀ တန်းကို တပြိုင်တည်း ရောက်လာတဲ့ တိုက်စစ်ပိုင်းကို ဖြေရှင်းမယ် ချိန်ဘာလိန်၊ ကိတ်တာတို့လို သက်ရောက်မှုနည်းတဲ့ ကွင်းလယ်လူတွေကို ရှင်းထုတ်ပြီး သွေးသစ်လောင်းမယ်ဆိုတဲ့ ပလန်ကို အသင်းက စီစဉ်ခဲ့ပါတယ်။

ဒီရာသီစမှာ ဆက်တိုက်သော ဒဏ်ရာ ပြဿနာတွေ သာမာန် ဘောလုံးရာသီနဲ့ မတူညီဘဲ ဘောလုံးရာသီဝက်မှာ ပါဝင်လာခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေဟာ အသင်းရဲ့ အစီအစဉ်တွေကို ထိခိုက်စေခဲ့ပါတယ်။

လီဗာပူးရဲ့ အပြောင်းအရွှေ့ဌာနတွင်းဟာ လွန်ခဲ့တဲ့ ၂နှစ်ကတည်းက ပြဿနာ ရှိနေခဲ့တာဖြစ်ပါတယ်။ မိုက်ကယ်အတ်ဝပ်နေရာ ဆက်ခံတဲ့ အားကစားဒါရိုက်တာ ဂျူလီယန်ဝတ်ဟာ ဒီနွေမှာ ထွက်ခွာတော့မှာဖြစ်ပြီး အသင်းရဲ့ ရာထူးစဉ် အချို့ဟာ အကြီးအကျယ် ပြုပြင်ပြောင်းလဲမှုတွေ ရှိလာဦးမှာ ဖြစ်ပါတယ်။

ကလပ် ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ကာလတိုအတွင်း အစုလိုက် အပြုံလိုက် ဖြေရှင်းပြီး ကြီးမားတဲ့ သက်ရောက်မှုတွေကို ရင်ဆိုင်မလား? အသင်းတွင်း ကပ်စွဲနေတဲ့ ပြဿနာတွေက ပေးတဲ့ ဝေဒနာကို တောင့်ခံကာ နည်းနည်းချင်း ဖြေရှင်းမလား? စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။