အမှတ်ပေးဖလား ဗိုလ်လုပွဲဆိုတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်-၃၉ ဆိုတာ တကယ်ရှိသလား?

ပရီးမီးယားလိဂ်ဟာ ပုံမှန်အားဖြင့် ကလပ် ၂၀ ပါဝင် ယှဉ်ပြိုင်ရပြီး တစ်သင်းကို ၃၈ ပွဲ ကစားရာမှာ အမှတ် အများဆုံး အသင်းကို ချန်ပီယံဖြစ်စေတာပါ။ ဒါပေမယ့်လို့ ဘောလုံးရာသီ အပြီးသတ်ဖို့ နီးစပ်လာချိန်မှာ ၃၉ ပွဲမြောက် ပွဲစဉ် ဖြစ်လာနိုင်ကြောင်း ထုတ်ပြောမှုတွေ ရှိလာနေပါတယ်။

ဒီတော့ တကယ်ပဲ ၃၉ ပွဲမြောက် ပရီးမီးယားလိဂ်ပွဲဆိုတာ ရှိနေသလား? ရှိခဲ့ရင်ကော အဆိုပါပွဲကို ယှဉ်ပြိုင်ရမှာ ဘယ်လိုအသင်းတွေလဲ? ဒါတွေနဲ့ ပတ်သက်ပြီး The Athletic ရဲ့ ရှင်းပြမှုကို ဖော်ပြသွားပါမယ်။

ပထမဆုံး ပြောပြမှာက ၃၉ ပွဲမြောက် ပရီးမီးယားလိဂ်ပွဲဆိုတာ တကယ်ရှိပါတယ်။ အဆိုပါပွဲကိုတော့ ပရီးမီးယားလိဂ်က တစ်ပွဲတည်း ကစားရမယ့် play-off ပွဲလို့ သုံးနှုန်းထားပြီး အခုချိန်ထိတော့ တစ်ကြိမ်မှ မယှဉ်ပြိုင်ရဖူးတဲ့ ပွဲစဉ်ဖြစ်ပါတယ်။

ဒီပွဲစဉ်ကို ယှဉ်ပြိုင်ခွင့်ရနိုင်တဲ့ အသင်းအမျိုးအစား ၃ မျိုး ရှိထားပါတယ်။

  • (၁) အမှတ်ပေးဖလား ချန်ပီယံအတွက်
  • (၂) ဥရောပဝင်ခွင့် တစ်နေရာအတွက်
  • (၃) တန်းဆင်းဇုန် တစ်နေရာအတွက်

ဒီပွဲဖြစ်လာဖို့ ဘာတွေ လိုအပ်သလဲ?

အသေးစိတ်ကျတဲ့ သတ်မှတ်ချက်တွေရှိပါတယ်။ ဒီသတ်မှတ်ချက်တွေကြောင့်လည်း ဒီပွဲစဉ် ဖြစ်လာရဖို့ သိပ်ခက်ခဲတယ်လို့ ဆိုရမှာပါ။ ကလပ်နှစ်သင်းဟာ ရမှတ်တူ၊ သွင်းဂိုးတူ၊ ဂိုးကွာခြားချက် တူရပါမယ်။ အဲ့လိုဖြစ်လာဖို့အပြင် ဒီရာသီ နှစ်သင်း ထိပ်တိုက်တွေ့မှု ရလဒ်ကလည်း တူညီရဦးမှာဖြစ်ပါတယ်။

ဒါပေမယ့် ထူးထူးခြားခြားပဲ ဒီရာသီ လီဗာပူးအသင်းနဲ့ မန်စီးတီးအသင်း ယှဉ်ပြိုင်နေတဲ့ အခြေအနေအရ play-off က ဖြစ်လာနိုင်တဲ့ အခြေအနေမှာ ရှိနေတာကို သတိပြုမိလာကြတယ်။ လီဗာပူးအသင်းဟာ မန်စီးတီးထက် ၁ ပွဲ ပိုကစားထားပြီး ရမှတ်တူ အခြေအနေဖြစ်နေတာပါ။ မန်စီးတီးအသင်း လက်ကျန် ၄ ပွဲမှာ ၁ ပွဲရှုံးပြီး လီဗာပူးက လက်ကျန် ၃ ပွဲလုံး အနိုင်ရရင် ရာသီကုန်မှာ ရမှတ်တူနေဦးမှာဖြစ်ပါတယ်။

ဒါ့အပြင် ဒီရာသီ လီဗာပူးအသင်းက မန်စီးတီးထက် သွင်းဂိုး ၃ ဂိုးပဲ ပိုများပြီး ခံစစ်ပေးဂိုးမှာတော့ ၂ ဂိုး ပိုများထားပါတယ်။ ဒီကျဉ်းမြောင်းတဲ့ ပမာဏဟာ လာမယ့် ၄ ပွဲမှာ ဖြစ်မလာဘူးလို့ ပြောလို့မရပါဘူး။

ပရီးမီးယားလိဂ်ရဲ့ စည်မျဉ်းမှာ ဘယ်လို ဖော်ပြထားလဲ?

အကယ်လို့ ကလပ်နှစ်သင်းကို စည်းမျဉ်း C.17.1 နဲ့ C.17.2 အရ အဆင့်မခွဲနိုင်ရင် ကြားကွင်းမှာ လိဂ်စည်းမျဉ်းနဲ့ အချိန်အတိုင်း play-off တစ်ပွဲ ကစားစေဖို့ လိဂ်ဘုတ်အဖွဲ့က ဆုံးဖြတ်နိုင်တယ်လို့ ပါရှိပါတယ်။

ဒါကြောင့် ရမှတ်တူနေချိန် နှစ်သင်းရဲ့ head to head ကို ကြည့်မှာဖြစ်ပြီး အဲ့တာပါ တူနေလို့ သွင်းဂိုး၊ ဂိုးကွာခြားချက်မှာပါ ထပ်တူနေရင်တော့ လူပြောနေကြတဲ့ ၃၉ ပွဲမြောက် အမှတ်ပေးပွဲဆိုတာ ဖြစ်လာမှာပဲ ဖြစ်ပါတယ်။

အကယ်လို့ ၃၉ ပွဲမြောက်မှာ ပွဲချိန်တွင်း သရေဖြစ်နေခဲ့ရင်?

လက်တလောမှာတော့ အချိန်ပို ဆက်ကစားစေမယ်၊ ပင်နယ်တီနဲ့ ဆုံးဖြတ်မယ်လို့ The Athletci က ဖော်ပြပါတယ်။ ဒါပေမယ့် ဒီပွဲက ပရီးမီးယားလိဂ်မှာ မဖြစ်ဖူးသေးတာမို့ ဘုတ်အဖွဲ့က ပြန်လည် ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒီပွဲက ဖြစ်လာနိုင်သလား?

ဗြိတိန်နာမည်ကျော် ဘွန်ကီဖြစ်တဲ့ Sky Bet ကတော့ ဒီပွဲဖြစ်လာမယ်ဆိုတာကို 80/1 နဲ့ ပေါက်ကြေး ဖွင့်ထားပါပြီ။ ဒါဟာ ၂၀၁၅-၂၀၁၆ တုန်းက လက်စတာအသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မယ်လို့ ဖွင့်ခဲ့တဲ့ ပေါက်ကြေးထက် ၅ ဆ ဖြစ်နိုင်ချေ ပိုများတာဖြစ်ပါတယ်။