နာရေးရောက်သလို ဖြစ်နေတဲ့ အချိုးတွေကို ပြင်ကြစမ်းပါ ထပ်ကြိုးစားရမှာကွလို့ ကြိမ်းဝါးသွားတဲ့ ယာဂင် ကလော့ပ်

စပါးကို သရေပဲ ကစားနိုင်လို့ အရမ်းကြီး စိတ်ပျက် ပြိုကွဲပြနေတာတွေကို ရပ်ကြပြီး ကိုယ်ကစားရမယ့် ဘောလုံးကို ကြိုးစားကစားကြဖို့ ကလော့ပ်က ပြောဆိုလာပါတယ်။

ယုံကြည်မှုတွေကို မရပ်တန့်လိုက်ဖို့ ကလော့ပ်က သတိပေးခဲ့တာဖြစ်ပြီး သစ်လွင်တဲ့ ခံစားချက်တွေကို ပြန်လည် မွေးဖွားကာ ရာသီကုန်ထိ အကောင်းဆုံး ယှဉ်ပြိုင်ကြဖို့ လိုအပ်ကြောင်း အသင်းသားတွေကို ကြိမ်းဝါး သတိပေးခဲ့တာဖြစ်ပါတယ်။

” ပထမဆုံးနဲ့ အရေးအကြီးဆုံးက အသုဘ ရောက်နေသလို ပုံစံတွေကို ပြင်လိုက်ကြဖို့ လိုတယ်။ ဒီစကားမျိုး ကောင်လေးတွေကို ငါ မပြောခဲ့ပါဘူး။ ဒါပေမယ့် အခုက အဲ့လို ဖြစ်နေကြတဲ့ ခံစားချက်တွေကို ရနေတယ် ” လို့ မီဒီယာတွေ့ဆုံမှုမှာ ကလော့ပ်က ပြောပါတယ်။

ကလော့ပ်ကပဲ ” ငါတို့ ဘောလုံးအကြောင်းတွေ ပြောနေရမယ်။ ဒီလို ကိစ္စတွေက ဖြစ်လာနိုင်တာပဲလေ။ ရိုးရိုးသားသား ပြောရရင် ငါ့ဘဝမှာ ဒီထက် ပိုဆိုးတာတွေတောင် ကြုံရဖူးတယ်။ ဒီကိစ္စတွေကို ကျော်လွှားနိုင်မှာပါ။ ဒါတွေက ပြဿနာ မဟုတ်ပါဘူး။

ဒါပေမယ့် ဒီညပွဲကို နိုင်မယ်ဆိုရင်လည်း အက်စတွန်ဗီလာကို ရင်ဆိုင်ကစားလို့ ငါတို့ရဲ့ နိုင်နိုင်ချေက ပိုတိုးလာမှာ မဟုတ်ဘူး။ အဲ့မှာ အမှတ်လျော့တာလည်း ဖြစ်နိုင်သေးတာပဲ။ ဒါက ဖြစ်နိုင်တဲ့ အခြေအနေကို ပြောနေတာ။ ငါတို့ ဆက်သွားရမယ်၊ ငါတို့ ပြင်ဆင်ရမယ်၊ ငါတို့ ကြိုးစားရမှာဖြစ်ပါတယ်။

အဆုံးမှာ တစ်ခုခုများ ဖြစ်လာမလားဆိုတာအတွက် တစ်ခုတည်းသော အခွင့်အရေးက ငါတို့ ရာသီကုန်ထိ ပွဲတွေ အားလုံးကို ကစားပြီး အနိုင်ရဖို့ပါ။ မန်စီးတီး အရေးနိမ့်မယ်လို့ မြင်ယောင်ကြည့်၊ ငါတော့ အဲ့လိုဖြစ်လာမယ်ကို မထင်ဘူး။ မန်စီးတီး ရှုံးမယ်လို့ကို မထင်တာပါ။

ဒီတော့ ကောင်လေးတွေက အရမ်းစိတ်ပျက်နေကြတဲ့ ခံစားချက်တွေ ရနေမှာက ဖြစ်သင့်ပါတယ်။ ဒါက အဆင်ပြေပါတယ်။ ဒါပေမယ့် မနက်ဖြန်ကျရင်တော့ အင်္ဂလန်မှာ နေသာမယ်လို့ ငါကြားထားရတယ်။ ဒီတော့ ဒီနည်းနည်းလေး ပိုကောင်းတဲ့ ရာသီဥတုနဲ့အတူ ခံစားချက်ကောင်းတွေနဲ့ ငါတို့ ပိုကြိုးစားရမှာ ဖြစ်ပါတယ် ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

လီဗာပူးနဲ့ မန်စီးတီးတို့ဟာ ရမှတ်တူနေကာ လီဗာပူးက အမှတ်ပေးဇယားကို ဦးဆောင်ထားပေမယ့် မန်စီးတီးက ၁ ပွဲကျန်အဖြစ် ဒီကနေ့မှာ နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ရဦးမှာဖြစ်ပါတယ်။