စိတ်ဓါတ် ထိခိုက်လို့ မရသေးခြင်း၊ နောက်ဆုံး ၅ ပွဲနဲ့ လီဗာပူး ၁-၁ စပါး ပွဲစဉ်အပြီး စကားစမြည် ပြောစရာများ

နောက်ဆုံး ၅ ပွဲ

စပါးနဲ့ပွဲရလဒ်ဟာ လီဗာပူးပရိသတ်တွေကို နာကျင်စေပါတယ်။ အသင်းပရိသတ်တွေဟာ ၂၀၂၂ ခုနှစ် စလာကတည်းက အသင်းရဲ့ တိုက်ပွဲဝင် စိတ်ဓါတ်အပေါ် စီးမြောလာခဲ့ကြတယ်။ အန်ဖီးက အရေးကြီးတဲ့ ပွဲစဉ်အဖြစ် စပါးကို ယှဉ်ပြိုင်ရာမှာတော့ ပျော်ရွှင်ရမယ့် ရလဒ်မျိုး မရခဲ့ပါဘူး။

လီဗာပူးပရိသတ်တွေကြားမှာ ပျော်ရွှင်နေသူဆိုပြီး ရှာတွေ့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီရလဒ်အတွက် များစွာသော ပရိသတ်တွေက အသင်းကို အပြစ်တင်တာတွေတော့ လုပ်ကြမှာ မဟုတ်ပါဘူး။ လိုအပ်တဲ့ရလဒ် မရခဲ့တာကြောင့် စိတ်ပျက်ရပေမယ့် အသင်းကို စိတ်ပျက်ဖို့ကတော့ အချိန်ကောင်း ရောက်နေတာ မဟုတ်ကြောင်း အားလုံး နားလည်ကြပါတယ်။

အန်ဖီးကွင်းက ပရိသတ်တွေကိုကြည့်ပါ။ တုန်လှုပ်သွားတဲ့ သူတို့ရဲ့ ပုံစံတွေက စပါးပွဲရဲ့ အရေးပါမှုကို ပြသနေတယ်။ ပြင်းပြင်းပြပြ ဆက်ပြီး အားပေးမှုတွေကတော့ ဒီအခြေအနေမှာ စိတ်ဓါတ်ပိုင်း ထိခိုက်လို့မရဘဲ ရင့်ကျက်မှုတွေ ပြသဖို့ လိုအပ်ပြီဆိုတာ ပေါ်လွင်ပါတယ်။

ဒီကရှေ့ အမှတ်ပေးပွဲ ၃ ပွဲနဲ့ ဗိုလ်လုပွဲ ၂ ပွဲ ကစားဖို့ ကျန်ရှိနေပြီး လီဗာပူးရဲ့ ဘောလုံးရာသီကို အဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်။

မျှော်ပေမယ့် ပေါ်လာခွင့်မရတဲ့ အိုရီဂီ

လီဗာပူးအသင်းက နိုင်ပွဲတစ်ပွဲရဖို့ လိုအပ်နေပြီ အရေးကြီးတဲ့ အချိန်ကို ရောက်နေပြီဆိုရင် လူတိုင်းက နာမည်တစ်ခွန်းကို သတိရကြပါတယ်။ သူကတော့ အိုရီဂီပါပဲ။ ဒါပေမယ့်လို့ စပါးပွဲမှာတော့ ကလော့ပ်က သူ့ရဲ့ နောက်ဆုံး လူစားလဲခွင့်အတွက် ကိတ်တာကို သုံးခဲ့ရပါတယ်။

ကွင်းထဲမှာ ဆာလာ၊ မာနေး၊ ဂျိုတာ၊ ဒီယက်စ်တို့ ရှိနေပြီး ကွင်းလယ် ၂ ဦးတည်းနဲ့ ကစားချိန်မှာ နောက်ထပ် တိုက်စစ်သမားတစ်ဦးကို ထည့်ဖို့က မဖြစ်နိုင်တော့ပါဘူး။ ဆာလာ၊ မာနေး တစ်ဦးဦးကို ထုတ်ဖို့ဆိုတာကလည်း ဘာမှမဟုတ်တဲ့ အနေအထားကနေ သွင်းဂိုးတစ်ဂိုးအဖြစ် ပြောင်းလဲပေးဖို့ ပိုမို အာမခံချက်ရှိတာက သူတို့နှစ်ဦး ဖြစ်နေခဲ့တယ်။

ကိတ်တာ လူစားဝင်လာပြီး ကစားပုံကောင်းခဲ့တယ်ဆိုပေမယ့် ပွဲအပြီးမှာ မျှော်လင့်သလို အနိုင်ဂိုး မရတဲ့နောက် အားလုံးက အိုရီဂီ လူစားဝင်ခွင့်မရတာအတွက် အားမရဖြစ်နိုင်ကြပါတယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲ လူစာရင်းလား

စပါးပွဲမှာ ကလော့ပ် ထုတ်လာတဲ့ လူစာရင်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် လူစာရင်းမျိုးလို့ မြင်ကြပါတယ်။ မာတစ်နေရာ ကိုနတေး ထည့်ရတာက ဆွန်ရဲ့ လျှင်မြန်မှုကို ဟန့်တားဖို့ဖြစ်ကြောင်း ကလော့ပ်က ဆိုခဲ့ပေမယ့် ခံစစ်ပိုင်းက ဖရိုဖရဲဖြစ်သွားတဲ့ အနေအထား တစ်ခုမှာပဲ ဆွန်က သွင်းဂိုး ရယူသွားခဲ့ပါတယ်။

ရော်ဘတ်ဆန် ဆိုးဆိုးရွားရွားကို ပွဲပန်းနေပြီး ညာခြမ်းက ထရန့်ကလည်း ပုံမှန် ဖန်တီးနိုင်မှုတွေကို မလုပ်ပြနိုင်ခဲ့ဘူး။ ထပ်ပြီး မကောင်းမြင်ရရင် သီယေဂိုရဲ့ ထူးချွန်လှတဲ့ ပေးမှုတွေကတောင် ဒီပွဲမှာ လုံလောက်အောင် မြင်ရခြင်း မရှိပါဘူး။ နွမ်းလျတဲ့ ခြေထောက်တွေဟာ အသင်းသားတွေရဲ့ အားထုတ်လိုမှုကို ချုပ်တီးထားသလို ဖြစ်ခဲ့ပြီး အပြည့်အဝ ပြင်ဆင်ခွင့်ရတဲ့ စပါးကို ယှဉ်ပြိုင်ရာမှာ အရေးမသာခဲ့တာဖြစ်ပါတယ်။

အခြားသူတွေအပေါ် မှီခိုရခြင်း

လီဗာပူးအသင်းဟာ လက်ကျန် ပရီးမီးယားလိဂ်ပွဲ ၃ ပွဲ ကစားဖို့ ကျန်ရှိသေးပေမယ့် အမှတ်ပေးဖလားအတွက်က ကိုယ်အသင်း ရလဒ်တင် မဟုတ်ဘဲ ပြိုင်ဘက်အသင်းရဲ့ ရလဒ်တွေကိုလည်း စောင့်ကြည့်နေရတာပါ။ စပါးပွဲ မတိုင်ခင်တည်းက ပြိုင်ဘက် တစ်သင်းသင်းက မန်စီးတီးထံက ရမှတ်ခွဲယူနိုင်မှ အသင်းအတွက် အခြေအနေကောင်းမှာကို အားလုံး သိပြီးသားဖြစ်ပါတယ်။

စပါးပွဲ ရလဒ်အရ အခြားအသင်းတွေ ပိုပြီး လုပ်ပြနိုင်ဖို့ မျှော်လင့်ရမလို အခြေအနေဖြစ်လာခဲ့တယ်။ နယူးကာဆယ်၊ ဝုဗ်၊ ဝက်ဟမ်း၊ အက်စတွန်ဗီလာ အသင်းတို့ဟာ အသင်းကောင်းတွေချည်းဖြစ်တာမို့ သူတို့အသင်းတွေ မန်စီးတီးထံက ရမှတ်ခွဲယူနိုင်ပါစေဆိုတာ လီဗာပူးပရိသတ်တိုင်း မျှော်လင့်နေကြမှာဖြစ်ပါတယ်။

ထပ်လာမယ့် ပွဲကြပ်များ

ဒီကြားရက်မှာ လီဗာပူးအသင်းက အက်စတွန်ဗီလာအသင်း အိမ်ကွင်းထံ အဝေးကွင်း သွားကစားရပါဦးမယ်။ ထပ်ပြီးလည်း နောက်အပတ်မှာ ချယ်ဆီးနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ရှိနေသေးတာပါ။ အဲ့တာနဲ့လည်း မပြီးသေးပါဘူး။ နောက်ထပ် ၃ ရက်မှာ ဆောက်သမ်တန်၊ နောက်ထပ် ၃ ရက်မှာ ဝုဗ်တို့နဲ့ ယှဉ်ပြိုင်ရပါမယ်။

လီဗာပူးအသင်း ပြည့်ပြည့်ဝဝ အနားယူရမယ့် အချိန်က ဝုဗ်ပွဲနဲ့ ရီးရဲလ်မက်ဒရစ် ပွဲကြား ၁ ပတ် အနားယူခွင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရလဒ်ကောင်းလိုတယ် ဆိုရင် ပြည်တွင်းပွဲတွေမှာ ဒဏ်ရာကင်းကင်း ကစားဖို့ကလည်း အရေးကြီးလာနေပြီဖြစ်ပါတယ်။