အန်းဖီးမှာ အမှတ်ပြည့် မယူနိုင်တဲ့ အပေါ် အမျက်ထွက်နေတဲ့ ဗန်ဒိုက်က လီဗာပူး ဘာတွေ လိုအပ်ခဲ့လဲ ထုတ်ဖော် ပြောဆို

ပရီးမီးယားလိဂ် ချန်ပီယံ ဆု အတွက် စီးတီးကို လိုက်လံဖိအားပေးနေရချိန်မှာ လီဗာပူးအသင်းဟာ ညက အန်းဖီးမှာ ကစားခဲ့တဲ့ တော့တင်ဟမ် စပါးနဲ့ ပွဲမှာတော့ ၁-၁ နဲ့ သရေကျသွားပြီး အမှတ်ပြည့် ယူဖို့ ရည်မှန်းချက် မပြည့် ဖြစ်ခဲ့ရပါတယ်။

တော့တင်ဟမ် စပါးအသင်းဟာ လီဗာပူးအသင်းကို ၂၀၂၁ အောက်တိုဘာလ ဘရိုက်တန်နဲ့ ၂-၂ သရေပွဲ အပြီး အန်းဖီးမှာ ပရီးမီးယားလိဂ် နိုင်ပွဲ ရပ်တန့်အောင် လုပ်နိုင်တဲ့ ပထမဆုံး အသင်း ဖြစ်လာပါတယ်။ ဒီပွဲမတိုင်ခင်က လီဗာပူးဟာ အိမ်ကွင်း အန်းဖီးမှာ ပရီးမီးယားလိဂ် ပွဲ ၁၂ ပွဲ ဆက် အနိုင်ရထားပြီ ဖြစ်ပါတယ်။

လီဗာပူး ဗဟိုခံစစ်မှုး ဗာဂျေး ဗန်ဒိုက်က အမှတ်ပြည့် မယူနိုင်တဲ့ အပေါ် စိတ်ပျက် အမျက်ထွက်နေပြီး ဒီပွဲမှာ လီဗာပူးအသင်း ဘယ်နေရာတွေမှာ လိုအပ်နေခဲ့သလဲ ဆိုတာ ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

” သူတို့ ပြင်ဆင်လာမယ့် ဂိမ်း ပလန် ကို ကျနော်တို့ သိသိသာသာကြီးကို ကြိုမြင်ခဲ့ပါတယ်။ သူတို့ အရည်အသွေးတွေကိုလည်း သိတယ်။ အထူးသဖြင့် ပထမပိုင်းပြီး နားချိန်မှာပေါ့။ ဒါပေမယ့် ကျနော်တို့ကကို ဘောလုံးနဲ့ အတူ ရှိချိန်တွေမှာ ကောင်းကောင်း မကစားနိုင်ဘူး ဖြစ်ခဲ့တယ်။

တကယ့် ကျဉ်းထဲကြပ်ထဲဆို ဘောလုံးကို ဆုံးရှုံးလိုက်ရပြီ။ သူတို့ အကောင်းဆုံး လုပ်နိုင်တဲ့ ခွင်ထဲ ရှိချိန်မှ ကိုယ်တွေက ဘောလုံး လက်လွှတ်ရတယ် ဆိုတော့ဗျာ မလွယ်ဘူးပေါ့။

အခုလို အမှတ်တွေ လျော့ရတာ စိတ်တိုမိပါတယ်။ ဒါပေမယ့် ကျနေ်ာတို့ ပြန်ထူထောင်ပြီး ကျန်တဲ့ ပွဲတွေ ကစားရမှာပါ။ ကျနေ်ာတို့မှာ စိတ်လှုပ်ရှားစရာ ရင်ခုန်စရာ ပွဲတွေက လာဦးမှာ။ ဒီအမျက်ထွက်မှုတွေကို ဗီလာနဲ့ ပွဲမှာ ပြသနိုင်ရပါမယ်။

စပါးအသင်းကိုတော့ သူတို့ အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့တာ အသိအမှတ်ပြုရပါမယ်။ ကျနေ်ာတို့ကလည်း ချေပဂိုးကို ကြိုးစားခဲ့ရပြီး ရလည်း ရခဲ့တယ်။ နိုင်ပွဲကို ရှာဖွေခဲ့ပေမယ့် ကံမကောင်းစွာပဲ ဒီနေ့တော့ မရခဲ့ဘူး။

ကျနော်တို့ အားလုံးက လူသားတွေပါ။ ဒါကြောင့်လည်း အမှတ်တွေ လျော့တဲ့အခါမှာ ခံစားမှုတွေ ရှိနေတာပေါ့။ ဒါပေမယ့် ရှိတာက ရှိတာပဲ။ အမြန်ဆုံး ပြန် ထူမတ်ပြီး ဗီလာနဲ့ ပွဲအတွက် အာရုံစိုက်သွားမှာပါ။ ” လို့ ဗန်ဒိုက်က ပြောဆိုခဲ့ပါတယ်။

လီဗာပူးအသင်း နည်းပြ ကလော့ပ်ကတော့ သူ့ကစားသမားတွေဟာ ပွဲပန်းနေပြီး စပါးဘက်က လန်းဆန်းနေတဲ့ ထိပ်တန်း တိုက်စစ်သမားတွေကို ရင်ဆိုင်ရဖို့က လွယ်ကူတာ မဟုတ်ဘူးလို့ ပွဲအပြီးမှာ နှစ်သိမ့်ခဲ့ပါတယ်။