အန်းဖီးကွင်းက မီးရောင်တွေ အောက်မှာ စပါးက လီဗာပူးကို ဘယ်လိုယှဉ်မလဲ ဆိုတဲ့ လော်ရိုးရဲ့ သုံးသပ်ချက်

လီဗာပူးအသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ မှာ လန်ဒန်မြို့ခံ အသင်း တော့တင်ဟမ် စပါးနဲ့ ယှဉ်ပြိုင် ရမှာ ဖြစ်ပြီး အိမ်ကွင်း အန်းဖီးမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ မေ ၈ ရက်၊ တနင်္ဂနွေနေ့ နံနက် ၁း၁၅ နာရီမှာ ယှဉ်ပြိုင် ကြမှာပါ။

ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ လော်ရိုးက လီဗာပူးနဲ့ စပါးအသင်းတို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

လော်ရိုးက ” လီဗာပူးကတော့ နောက်ထပ် သီတင်းပတ်ကောင်း တစ်ခု ပိုင်ဆိုင်ထားတာပါ။ သူတို့ ဗီလာရီးရဲလ်နဲ့ ကစားတဲ့ ပွဲမှာ ကျနော်က အစီအစဉ် တင်ဆက်နေခဲ့တာ ဖြစ်တယ်။ ပထမပိုင်းမှာ အနီရောင် တပ်သားတွေက ပြန့်ကြဲ နေခဲ့တယ်။

ပထမပိုင်းပြီးချိန်မှာတော့ သူတို့ ပြန်ကောင်းလာမယ်လို့ ကျနော် ပြောခဲ့သေးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အစောပိုင်းမှာက စပိန်ကလပ်က လုံးဝ စူပါလူသားတွေလို အားကုန်ထုတ် ရုန်းနေခဲ့တာပါ။ ဒီပုံစံအတိုင်း အမြဲကြီးတော့ ထိန်းကစားနိုင်မှာ မဟုတ်ဘူးလေ။

အခုဆို လီဗာပူးက ဒီရာသီ ဖလားပြိုင်ပွဲ ဗိုလ်လုပွဲ ၂ခု ကစားဖို့ ရှိနေတယ်။ သူတို့က ဒီစိန်ခေါ်မှုတွေ ရင်ဆိုင်ဖို့ အရှိန်ကောင်း ထိန်းထားချင်တာကြောင်း တော့တင်ဟမ်ကိုလည်း လွယ်လွယ် လွှတ်ပေးမှာ မဟုတ်ပါဘူး။

အန်းဖီးကွင်းက မီးရောင်တွေအောက်မှာ ညနေခင်း ကစားရတာ ဖြစ်လို့ အနေအထားကလည်း သူတို့ကို ပို တက်ကြွစေမှာ ဖြစ်တယ်။ ဒါပေမယ့် ဒီပွဲမှာ ယာဂင်ကလော့ပ် အသင်းဘက်က ကျနော် ထောက်ခံနေချင်တာက စပါးအသင်း အဝေးကွင်း ပွဲရလဒ်တွေ သိပ်မကောင်းလှတာ အပေါ် ပို မူတည်ပါတယ်။

အန်တိုနီယို့ွန်တီရဲ့ အသင်းဟာ ဖေဖော်ဝါရီလတုန်းက အီတီဟက်ကွင်းမှာ မန်ချက်စတာ စီးတီးကို အနိုင် သွား ကစားခဲ့တာပါ။ ဒါပေမယ့် ကွန်တီ အတွက် စိတ်တိုစရာကတော့ သူတို့ အဲဒီလို ပုံစံအတိုင်း ဆက် မကစားနိုင်တော့တာပဲ။

ဒီအပတ်က ပွဲကြီးပွဲကောင်း တစ်ပွဲပါ။ စပါးအသင်းကလည်း ဒီပွဲအတွက် မျှော်လင့် ပြင်ဆင်နေပါလိမ့်မယ်။ သူတို့ လီဗာပူး ခံစစ်ကို ပြဿနာ တချို့ ပေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် မိုဟာမက် ဆာလာနဲ့ အဖွဲ့သားတွေ လုပ်သလောက်တော့ သူတို့ မလုပ်နိုင်ပါဘူး။ ” လို့ သုံးသပ်ထားပါတယ်။

လော်ရိုးကြီးရဲ့ ခန့်မှန်းရလဒ်ကတော့ လီဗာပူး ၂-၁ တော့တင်ဟမ် စပါး ဖြစ်ပါတယ်။