ဒီရာသီမှာတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပွဲကြို အစဉ်အလာ လေ့ကျင့်ရေးကို ဖျက်သိမ်းသွားမယ့် လီဗာပူး

လီဗာပူးအသင်းဟာ ဒီရာသီ ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက်တွေ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာတော့ အစဉ်အလာတွေအတိုင်း ပွဲကြို လေ့ကျင့်ရေးစခန်းဝင်ခြင်းကို လုပ်နိုင်ခြင်း မရှိဘဲ အသေးစား ပြင်ဆင်မှုပဲ လုပ်ဆောင်သွားဖို့ ရှိပါတယ်။

ပြီးခဲ့တဲ့ ဖိုင်နယ်နှစ်ပွဲမှာတော့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံးပွဲနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကြား နားရက်တွေအရ ဗိုလ်လုပွဲ မတိုင်ခင် စခန်းတွင် လေ့ကျင့်မှုနဲ့အတူ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်ခဲ့တာပါ။

၂၀၁၈ ဗိုလ်လုပွဲ မတိုင်ခင်တုန်းက ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကြားမှာ နားရက် ၁၃ ရက်ထိ ရခဲ့တာကြောင့် စပိန်တောင်ပိုင်းဖြစ်တဲ့ Marbella ထံ သွားကာ ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ နွေးထွေးတဲ့ ရာသီဥတုရှိရာ အရပ်မှာ လေ့ကျင့်ခြင်းနဲ့အတူ အသင်းရဲ့ စိတ်ဓါတ်ပိုင်းနဲ့ ကြံ့ခိုင်မှုပိုင်းအတွက် ပြင်ဆင်ခဲ့တာဖြစ်တယ်။

၂၀၁၈ တုန်းက ဗိုလ်လုပွဲမှာတော့ လီဗာပူးအသင်းဟာ ရီးရဲလ်မက်ဒရစ်ကို ၃-၁ နဲ့ အရေးနိမ့်ခဲ့တယ်။

နောက်တစ်နှစ်အကြာ စပါးနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင်မှာလည်း လီဗာပူးအသင်းက ပြင်ဆင်ချိန် ၃ ပတ် ရခဲ့ပါတယ်။ စပိန်ကိုက တူညီတဲ့ နေရာမှာပဲ ပွဲကြို ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ၂-၀ နဲ့ အနိုင်ရကာ ၆ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို အောင်မြင်ခဲ့တာဖြစ်တယ်။

ဒါပေမယ့်လို့ ဒီနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက်က ပြင်ဆင်ချိန် ရဖို့မရှိတာကြောင့် အင်္ဂလန်ပြင်ပကို ထွက်ခွာပြီး လေ့ကျင့်မှုမျိုး ပြုလုပ်တော့မှာ မဟုတ်ပါဘူး။ ဒီရာသီ ဝုဗ်နဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကြားမှာ လီဗာပူးအသင်းက နားရက် ၆ က်ပဲ ရမှာဖြစ်ပါတယ်။

အသင်းဘက်ကတော့ ပရီးမီးယားလိဂ် ရာသီသိမ်းပြီးရင် ခါဘီက အသင်းရဲ့ အက်ဆာ လေ့ကျင့်ရေးစင်တာမှာပဲ ဗိုလ်လုပွဲအတွက် ပြင်ဆင်သွားမှာဖြစ်တယ်။ ရီးရဲလ်မက်ဒရစ်ကလည်း လာလီဂါပိတ်သိမ်းရက်ဟာ ပရီးမီးယားလိဂ်နဲ့ တူညီနေတာကြောင့် မက်ဒရစ်မှာပဲ လေ့ကျင့်ရေး ဆင်းကြဖွယ်ရှိပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါချန်ပီယံဖြစ်ခဲ့တာကြောင့် လာမယ့်ကာလတွေမှာ ကစားသမား ချန်ကစားမှုကို ပြုလုပ်နိုင်မှာဖြစ်တယ်။ လီဗာပူးကတော့ ရာသီသိမ်းချိန်ထိ အဓိက ကစားသမားတွေကို ပွဲထုတ်ရမှာနဲ့အတူ ဗိုလ်လုပွဲအတွက် လန်းဆန်းနေမယ့် တိုက်ပွဲဝင်စိတ်ဓါတ်ကို ဆက်ပြီး ထိန်းထားနိုင်မယ်လို့ ယုံကြည်ရတာဖြစ်ပါတယ်။