ဆာလာ တွေ့ချင်ပါတယ် ဆိုတဲ့ ရီးရဲလ် ဗိုလ်လုပွဲ တက်လာတဲ့နောက် လက်စားချေမလား မေးခံရတဲ့ အီဂျစ်သား

မေလ ၂၉ ရက်နေ့ ပြင်သစ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရမယ့်ပွဲဟာ လီဗာပူးအသင်းနဲ့ သူ့အတွက် စိတ်လှုပ်ရှားစရာ ပွဲစဉ်ဖြစ်တယ်လို့ ဆာလာက ဝန်ခံပါတယ်။

လီဗာပူးဟာ ၂၀၂၁ တုန်းကလည်း ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက်တွေ့ခဲ့သေးပေမယ့် ဗန်ဒိုက်၊ မာတစ်၊ ဂိုးမက်စ်တို့လို အဓိက ခံစစ်မှူးတွေ အားလုံး မပါဝင်နိုင်ဘဲ သီယေဂိုပါ ဒဏ်ရာရနေခြင်းနဲ့အတူ နှစ်ကျော့ပေါင်းမှာ အရေးနိမ့်ခဲ့တာဖြစ်တယ်။

ဒါပေမယ့် ဆုဖလားအတွက် နှစ်သင်း ထိပ်တိုက်တွေ့တဲ့ နောက်ဆုံးအကြိမ်က ၂၀၁၈ တုန်းကဖြစ်ပြီး ခံစစ်မှူး ရာမိုစ့်ရဲ့ ခပ်ညစ်ညစ် ကစားမှုကြောင့် ဆာလာ လက်ဒဏ်ရာရခဲ့ကာ ပွဲပထမပိုင်းမှာတင် ကွင်းထဲက ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ ပြိုင်ဘက်ဟောင်းနဲ့ ပြန်လည် ယှဉ်ပြိုင်ရမှာကို ဆာလာက အတော်လေး သဘောကျနေတာဖြစ်တယ်။

ဆာလာက ” ကျနော် သိပ်ကို စိတ်လှုပ်ရှားခဲ့တယ်။ အသင်းကလည်း ဒီပွဲအတွက် စိတ်လှုပ်ရှားနေကြမယ်ဆိုတာ ကျနော် သေချာ ပြောရဲပါတယ်။ ဒီပွဲက ခက်ခဲတဲ့ပွဲ ဖြစ်လာမယ်ဆိုတာ သေချာပါတယ်။ သူတို့က သိပ်ကောင်းတဲ့ အသင်းတွေကို အနိုင်ယူခဲ့တာပါ။ ကျနော်တို့ ပွဲအပေါ်မှာ အာရုံစိုက်နေဖို့ လိုအပ်ပါတယ်။ ” လို့ ပြောပါတယ်။

သတင်းထောက်က – ဒါက လက်စားချေရမယ့် ပွဲစဉ်ဖြစ်မလား? ဆိုပြီး မေးခွန်းထုတ်ခဲ့တယ်။

” ဟုတ်တာပေါ့။ ဟုတ်တာပေါ့။ ၂၀၁၈ ဖိုင်နယ်မှာ ကျနော်တို့ ရှုံးခဲ့တယ်လေ။ ကျနော်တို့ အားလုံးအတွက် ဝမ်းနည်းစရာ နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ ဒါက လက်စားချရေမယ့် အချိန်ပါပဲ ” လို့ ဆာလာက တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ အတိတ်တုန်းကလည်း ဥရောပဗိုလ်လုပွဲအဖြစ် ပဲရစ်မှာ ထိပ်တိုက်တွေ့ဖူးပါတယ်။ ထိုစဉ်တုန်းကတော့ လီဗာပူးအသင်းက လာလီဂါဘီလူးကြီးကို အနိုင်ယူပြီး ဆုဖလား အနိုင်ရခဲ့တာပါ။ ဒီတစ်ကြိမ်မှာလည်း အသင်းဟာ အောင်မြေပြန်နင်းပြီး ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူဖို့ စိတ်ခွန်းအားတွေ ပြင်းပြနေတော့မှာ ဖြစ်ပါတယ်။