ဆာလာနဲ့ အသင်းသားတွေက ရီးရဲလ်မက်ဒရစ်ကို လက်စားချေလိုနေကြမယ်လို့ ပြောပြသွားတဲ့ ကာရေဂါ

လီဗာပူးဟာ မေ ၂၉ ရက်၊ ပဲရစ်က ချန်ပီယံလိဂ် ဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ကစားရတဲ့အခါ တိုက်စစ်မှူး မိုဆာလာက ၂၀၁၈ က အကြွေးအတွက် လက်စားချေဖို့ မျှော်လင့်နေမှာပါလို့ ခံစစ်မှူးဟောင်း ဂျေမီကာရေဂါက ပြောဆိုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဆီမီးဖိုင်နယ်မှာ စပိန်ကလပ် ဗီလာရီးရဲလ်ကို နှစ်ကျော့ပေါင်း ၅-၂ နဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကတော့ အင်္ဂလန်ကလပ် မန်စီးတီးကို ၆-၅ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးအသင်းက စပိန်ကလပ်တွေကို အိပ်မက်ဆိုး ပေးထားသလို ရီးရဲလ်မက်ဒရစ်ကလည်း အင်္ဂလန်အသင်းတွေကိုမှ ဖြုတ်ချလာခဲ့တာပါ။

ဖိုင်နယ်မှာ ဒီနှစ်သင်း တွေ့ကြတဲ့အခါ ၂၀၁၈ ဗိုလ်လုပွဲကို လူတိုင်း သတိရကြမှာဖြစ်ပေမယ့် အဲ့ဒီ့တုန်းက ဆာဂျီယို ရာမို့စ်ရဲ့ ကြမ်းတမ်းတဲ့ စိန်ခေါ်မှုကြောင့် ဆာလာဟာ အစောပိုင်းမှာတင် ဒဏ်ရာနဲ့ ကွင်းထဲကနေ ထွက်ခွာခဲ့ရတယ်။ အဓိက တိုက်စစ်သမား မရှိတဲ့ လီဗာပူးအသင်းဟာ အဆုံးသတ်မှာ ရီးရဲလ်ကို ၃-၁ နဲ့ အရေးနိမ့်ခဲ့ပါတယ်။

“ မိုဆာလာက လက်စားချေချင်နေမှာ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်။ အဲ့ဒါက ဆာလာအတွက် ကြီးမားတဲ့ ရိုက်ချက်တစ်ခု ဖြစ်ခဲ့တာပါ။ အဲ့ဒီ့ရာသီမှာ သူက အရမ်း တောက်ပနေပြီး လူတိုင်းက သူဟာ ဘယ်လောက်ကောင်းတဲ့ တိုက်စစ်သမားလဲ ဆိုတာ သိခဲ့ကြတယ်။

လီဗာပူးအသင်းနဲ့အတူ သူ သွင်းဂိုး ဂိုး ၄၀ ကျော်ရခဲ့ပြီး ဖိုင်နယ်မှာ သူ့ကိုယ်ပိုင် အခိုက်အတန့်တစ်ခု ဖြစ်လာဖို့ ရှိခဲ့တာပါ။ ရာမို့စ်က သူဘာလုပ်မလဲ ဆိုတာကို သေချာသိခဲ့တယ်။ ဘောလုံးလောကရဲ့ အမှောင်ဘက်ခြမ်းက ပညာသည်တွေအကြောင်း ပြောရင် ဆိုးတဲ့လူဆိုတာ မရှိဘူး။ ဒါက ဘောလုံးအားကစားရဲ့ တစိတ်တပိုင်းပဲ။ ဒါပေမယ့် သူက အကန့်အသတ်ထိ ရောက်ခဲ့တာပေါ့ ” လို့ ကာရေဂါက ဆိုပါတယ်။

ရာမို့စ်ဟာ အဲ့နောက်ပိုင်း ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်မှာ မရှိတော‌့ပေမယ့် ၂၀၁၈ ဖိုင်နယ်မှာ ပါဝင်ခဲ့တဲ့သူ အများစုဟာ သက်ဆိုင်ရာ ကလပ်တွေမှာ ရှိနေဆဲဖြစ်ပြီး ထပ်မံ ပါဝင်လာနိုင်ပါတယ်။

“ ရာမို့စ်တော့ ပါမှာ မဟုတ်ဘူး။ ဒါပေမယ့် ဆာလာက အဲ့ဒီ့ဖိုင်နယ်ကို ပြန်လက်စားချဖို့ စိတ်အားထက်သန်နေလိမ့်မယ်။ အဲ့ဒီ့ညတုန်းက ကွင်းလယ်မှာ မိုဒရစ်၊ ခရူးစ်နဲ့ ကပ်စ်မဲရိုးတို့ ပါဝင်ခဲ့ပြီး ဒီတစ်ကြိမ်လည်း သူတို့ပဲ ပွဲထွက်ကစားလိမ့်မယ်လို့ ထင်ပါတယ်။

လီဗာပူးရဲ့ အသင်းမှာလည်း အဲ့တုန်းက ကစားသမားတွေ အများကြီးရှိနေတုန်းပဲ။ ဂိုးသမားက လွဲရင် နောက်တန်း လေးယောက်က အတူတူပါပဲ။ ဒါပေမယ့် ဆာလာ၊ မာနေးနဲ့ ဖာမင်နိုတို့ အားလုံး ပါဝင်လိမ့်မယ်။ ဟန်ဒါဆန်နဲ့ မီလ်နာရောပဲ။ အဲ့ဒီ့နှစ်က လီဗာပူးအသင်းထဲက ကစားသမားတွေ အခုအသင်းမှာ အများကြီး ရှိနေတုန်းပါ ” လို့ ကာရေဂါက သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။