ဒီနှစ် ဘလွန်းဒီအောဆုကို စိန်ခေါ်ကြမှာနဲ့ ပတ်သက်လို့ ဟောကိန်း ထုတ်တဲ့ အွန်နရီ

အာဆင်နယ် ဂန္တဝင် တိုက်စစ်မှုးဟောင်း သီယာရီ အွန်နရီကတော့ ဒီနှစ် ဘလွန်းဒီအော ဆုဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက် လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်မှ ကြယ်ပွင့်တွေ ဖြစ်မယ် လို့ ရွေးချယ် ဟောကိန်း ထုတ်လိုက်ပါတယ်။

အွန်နရီ ဟောကိန်း ထုတ်ခဲ့တာကတော့ လီဗာပူး တိုက်စစ်မှုး မာနေးနဲ့ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် ဘန်ဇီမာ တို့ ဖြစ်ပါတယ်။ ဒီ ကစားသမား နှစ်ယောက်လုံးဟာ မေလ ၂၉ ရက်နေ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့မှာ ဖြစ်ပြီး ဒါက ဘလွန်းဒီအော ဆု အဆုံးအဖြတ် လည်း ဖြစ်လာနိုင်ပါတယ်။

ဂန်းနားဟောင်း အွန်နရီကတော့ ဘလွန်းဒီအော ဆု အတွက် ဘန်ဇီမာ၊ မာနေး ရနိုင်တယ် ဆိုပေမယ့် ဘန်ဇီမာ ကို ပိုပြီး ထင်ကြေးပေးထားခဲ့တာပါ။

” ချန်ပီယံလိဂ် ဗိုလ်လုပွဲ အကြောင်း တွေးမယ် ဆိုရင် နောက်ကွယ်မှာ ဘလွန်းဒီအော ဆုကလည်း ကပ် ပါလာမယ်။ ကျနော့် အတွက် အကြိုက် နှစ်ယောက်ကတော့ မာနေးနဲ့ ဘန်ဇီမာပဲ။ ဒီဗိုလ်လုပွဲက တစ်ယောက်ယောက်ကို အသာ ရသွားစေနိုင်ပါတယ်။

ခုချိန်မှာ ဘန်ဇီမာက ပိုသာနေတယ် ဆိုပေမယ့် မာနေးသာ လီဗာပူးနဲ့ ဖလား ရမယ်၊ သူတို့ ဖလား ၄လုံး သိမ်းမယ် ဆိုရင် ဒီဆု အတွက် တော်တော် အားသာသွားမှာ ဖြစ်တယ်။ နောက်ပြီး အာဖရိကဖလားမှာလည်း သူ အတော် ကောင်းခဲ့သေးတာ။ အခုနေကတော့ ကျေနာ့်အတွက် ဘန်ဇီမာ ကို ပို ထင်နေတယ်။ ” လို့ အွန်နရီက CBS Sports အစီအစဉ်မှာ သုံးသပ် ပြောဆိုခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဘက်မှာ ဒီရာသီ ဘန်ဇီမာကချည်း ဆယ်တင်ပေးနေပြီး ချန်ပီယံလိဂ်မှာ အရေးပါတဲ့ တကိုယ်တော် သွင်းဂိုးတွေလည်း ထူးချွန်စွာ သွင်းယူပေးနေတာပါ။ အသက် ၃၄ နှစ် အရွယ် ကစားသမားဟာ ဒီရာသီ ပြိုင်ပွဲစုံ ၄၃ ဂိုး သွင်းထားပြီး ဖြစ်ပါတယ်။

တဖက်မှာ ဆာဒီယို မာနေးကလည်း ဆီနီဂေါ အသင်း အာဖရိကဖလား ဗိုလ်စွဲရာမှာ အရေးပါသူ ဖြစ်ခဲ့သလို နိုင်ငံအသင်းအတွက်ရော ကလပ်အသင်း အတွက်ပါ အရေးပါတဲ့ သွင်းဂိုးတွေနဲ့ ကူညီပေးနေသူ ဖြစ်ပါတယ်။ မာနေးအပြင် တစ်ရာသီလုံး ခြေစွမ်းပြနေတဲ့ ဆာလာကလည်း ဆုအတွက် ရေပန်းစားသူတစ်ဦး ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ဖလားလမ်းကြောင်းမှာ မန်စီးတီး အသာရနေသေးပေမယ့်လို့ လီဗာပူးအသင်းက ဒီရာသီ ကာရာဘောင်းဖလား ဗိုလ်စွဲထားပြီး ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲတွေ ရောက်ထားကာ ဖလား ၃ လုံး လမ်းကြောင်းမှာ ရှိနေပါတယ်။ ဒါကြောင့် လီဗာပူးအသင်း သရဖူ ဆောင်းနိုင်လေ မာနေးနဲ့ ဆာလာတို့က ဘလွန်းဒီအောဆု ရနိုင်ခြေ ပိုများလေ ဖြစ်လာဖွယ် ရှိပါတယ်။