ရီးရဲလ်ရဲ့ ‘Aporla 14’ ဆိုတာက လီဗာပူးကို မလေးမစား လုပ်ခြင်းထက် စိန်ခေါ်ခြင်းပဲဖြစ်တယ်

၂၀၁၈ ချန်ပီယံလိဂ်ဖိုင်နယ်က ပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဒီနှစ်ရဲ့ ပြိုင်ဘက်တွေအဖြစ် ဒီလနှောင်းပိုင်း ပြင်သစ်မြေမှာ ထပ်မံတွေ့ဆုံရတော့မှာပါ။

စပိန်ဘီလူးတွေဟာ မန်စီးတီးနဲ့ ဆီမီးဖိုင်နယ် ပထမအကျော့ကို ၄-၃ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့မှာ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်လာခဲ့တာဖြစ်တယ်။ မာရက်ဇ်က ၇၃ မိနစ်သွင်းဂိုးနဲ့ နှစ်ကျော့ပေါင်း ၂ ဂိုးအသာရနေခဲ့ပေမယ့် အချိန်ပိုမှာ တိုက်စစ်သမား ရိုဒရီဂိုရဲ့ သွင်းဂိုးနှစ်ဂိုးက အချိန်ပိုထိ ခရီးဆက်စေခဲ့ကာ ပွဲအခြေအနေက ပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။

ရူဘင်ဒီယက်ဇ်က ဧရိယာအတွင်း ကာရင် ဘန်ဇီးမားကို လဲကျစေခဲ့အတွက် ရရှိလာတဲ့ ပင်နယ်တီကို ပြင်သစ်သားက အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ကာ ရီးရဲလ်မက်ဒရစ်တို့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ စီးတီးဟာ အချိန်ပို လက်ကျန်အချိန်တွေမှာ အိမ်ရှင်အသင်းကို ဖိအားပေးဖို့ ကျရှုံးခဲ့တာနဲ့အတူ လာလီဂါအသင်းက မေ ၂၉ ရက်၊ ပါရီက ဖိုင်နယ်ပွဲကို တက်ရောက်ခွင့် ရခဲ့ပါတယ်။

ပွဲအပြီးမှာ ရီးရဲလ်မက်ဒရစ် ကစားသမား အားလုံးဟာ သူတို့ရဲ့ အိမ်ကွင်းအင်္ကျီမှာ ‘Aporla 14’ ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ အထူးထုတ်ဂျာစီတွေကို ဝတ်ဆင်ပြီး အောင်ပွဲခံခဲ့ကြပါတယ်။ ရီးရဲလ်တို့ ဒီလိုမျိုးလုပ်တာက ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ၂၀၁၈ ဗိုလ်လုပွဲ မတိုင်ခင်မှာလည်း ‘Aporla 13’ ဆိုတဲ့ ဂျာစီတွေကို ဝတ်ဆင်ခဲ့ကြပါတယ်။

အဲ့ဒီ့ ဓာတ်ပုံတွေကြောင့် အသင်းပရိသတ်တွေ ဒေါသထွက်ခဲ့သလို အသင်းပေါ် လေးစားမှု မရှိဘူးလို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့်လို့ နောက်ပိုင်းမှာ သိရတာက ‘Aporla’ ဆိုတဲ့ စကားလုံးဟာ အင်္ဂလိပ်လို ‘All out for number’ လို့ တိုက်ရိုက်ပြန်ရတာ မဟုတ်ဘဲ “Let’s fight/go for the 14th” လို့ ရည်ညွှန်းတာဖြစ်ပြီး ‘၁၄ ကြိမ်မြောက် ဥရောပဖလားအတွက် တိုက်ပွဲဝင်ကြ’ လို့ အဓိပ္ပာယ်ရတာ ဖြစ်ပါတယ်။

ဒါကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့ ‘Aporla 14’ ဆိုတာဟာ လီဗာပူးကို မလေးစားခြင်းထက် ပြိုင်ဘက်ကို စိန်ခေါ်ခြင်းလို့ မှတ်ယူရမှာဖြစ်တယ်။ ဥရောပမှာ သမိုင်းကြောင်းကောင်းတဲ့ ကလပ်တွေဖြစ်တာကြောင့် ပြိုင်ဘက်အသင်းရဲ့ အစဉ်အလာကို နားလည် သိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

(ဒါတွေကို ရှင်းပြနေရတာက အထင်ကရ ကလပ်တွေမှာ သူ့အစဉ်အလာ ကိုယ်အစဉ်အလာ ဆိုတာတွေ ရှိပါတယ်။ ကိုယ်ပိုင် အစဉ်အလာအတွက် ဂုဏ်ယူရမှာဖြစ်သလို ပြိုင်ဘက်ရဲ့ အစဉ်အလာတွေကို လေးစားမှု ပေးရမှာဖြစ်ပါတယ်။ လီဗာပူးပရိသတ်တွေက ဘာမှလည်း မသိဘူးလို့ အခြားပရိသတ်တွေ လှောင်ပြောင်တာမျိုးတွေ အဖြစ်မခံချင်တာကြောင့်ပါ။)

လီဗာပူးအသင်းနဲ့ အသင်းသားတွေ၊ ပရိသတ်တွေက လွန်ခဲ့တဲ့ လေးနှစ်တုန်းက ရှုံးကြွေးကို ဒီပွဲမှာ ပြန်ဆပ်ဖို့ စိတ်အားထက်သန်နေကြပါတယ်။ တိုက်စစ်မှူး ဆာလာကိုယ်တိုင်က မက်ဒရစ်သားတွေ အရေးနိမ့်ခဲ့တဲ့ အတိတ်က အဖြစ်ဆိုးကို မမေ့ကြောင်း ပရိသတ်တွေကို သတိပေးခဲ့ပါသေးတယ်။

အီဂျစ်သားဟာ ဖာဘင်ညိုနဲ့အတူ အောင်ပွဲခံနေတဲ့ ပုံတစ်ပုံကို အင်စတာဂရမ်မှာ တင်ခဲ့ပြီး ‘ငါတို့ စာရင်းရှင်းစရာ ပွဲတစ်ပွဲရှိတယ်’ လို့ ရေးသားပြီး ဗိုလ်လုပွဲအတွက် သွေးနွေးပေးထားတာ ဖြစ်ပါတယ်။ ဆာလာရဲ့ သတိပေးစကားဟာ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုအတွက် လီဗာပူးအသိုင်းအဝိုင်းရဲ့ ညီတူမျှတူ ဟစ်ကြွေးမှုပဲ ဖြစ်နေပါလိမ့်မယ်။