ချန်ပီယံ အငွေ့အသက် လွှမ်းခြုံထားတဲ့ လီဗာပူးရဲ့ ဂျာစီသစ်အကြောင်း မိတ်ဆက်ပေးခြင်း

၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ ဝတ်ဆင်မယ့် လီဗာပူးအသင်းရဲ့ Nike အမှတ်တံဆိပ်ပါ အိမ်ကွင်း ဂျာစီသစ်ကို တရားဝင် မိတ်ဆက်ခဲ့ပြီဖြစ်ပါတယ်။

ဒီဂျာစီဒီဇိုင်းဟာ မာဆေးဆိုဒ် ဒေသခံ လီဗာပူးသားတွေရဲ့ ခိုင်မာမှုကို ကိုယ်စားပြုလိုတဲ့ အိုင်ဒီယာနဲ့အတူ ဖန်တီးထားခြင်း ဖြစ်တယ်လို့ လီဗာပူးအသင်းဘက်က ကြေညာခဲ့ပါတယ်။ ဒီဇိုင်းသစ်ဟာ လီဗာပူးရဲ့ သမိုင်းဝင် လမ်းအမှတ်အသားတွေရဲ့ ခေတ်ပြိုင်ပုံစံတွေကို ထည့်သွင်းထားတာဖြစ်ပြီး ရေစိုခံမင်တွေနဲ့အတူ ရေရှည်ခံအောင် ဖန်တီးထားခြင်းဖြစ်တယ်။

အနီရောင် ဂျာစီသစ်ဟာ လီဗာပူး အမျိုးသားအသင်းတင် မဟုတ်ဘဲ WSL ကို တန်းတက်လာပြီဖြစ်တဲ့ အမျိုးသမီးအသင်းလည်း ဝတ်ဆင်သွားမှာဖြစ်ပါတယ်။ ဂျာစီ နှုန်းထားကို တိုးမြင့်မှာ မဟုတ်ဘဲ မနှစ်က ဈေးနှုန်းအတိုင်း ဆက်လက် ထားရှိမှာဖြစ်တယ်။

အနီရောင်ကို အပြည့်သုံးထားသလို အကျီ လက်မောင်းမှာ YNWA အမှတ်အသား ပါဝင်မှာဖြစ်ပြီး ကလပ်နဲ့ ပရိသတ်တွေကြား ခိုင်မာတဲ့ ဆက်ဆံမှုကို ကိုယ်စားပြုတဲ့ သင်္ကေတဖြစ်ပါတယ်။ ဒါ့အပြင် Hillsborough အမှတ်အသား ပါဝင်မှာဖြစ်ကာ ၉၆ ဦးသော ပရိသတ်တွေကနေ အဆိုပါ ကပ်ဘေးကြောင့် ကွယ်လွန်ခဲ့တဲ့ Andrew Stanley Devine ကို ရည်စူးပြီး ၉၇ အဖြစ် ပြောင်းလဲခြင်းလည်း ပါဝင်ပါမယ်။

သန့်ရှင်းပြီး ရိုးရှင်းတဲ့ ဒီဇိုင်းဟာ ခေတ်ဟောင်း လီဗာပူးပရိသတ်တွေကြားမှာ လူကြိုက် များနေသလို ၂၀၀၅ ချန်ပီယံလိဂ် အောင်မြင်စဉ် ဝတ်ဆင်ခဲ့တဲ့ ဂျာစီရဲ့ အငွေ့အသက်မျိုး ခံစားနေရတယ်လို့ ဖော်ညွှန်းမှုတွေ ရှိနေတယ်။ မော်ဒန်ခေတ် ဂျာစီ ဒီဇိုင်းတွေလို မဟုတ်ဘဲ ရိုးရှင်းပြီး လီဗာပူးရဲ့ အဓိက ကာလဖြစ်တဲ့ အနီရောင် သီးသန့်ပဲ သုံးထားခြင်းက နှစ်သက်စရာ အချက်အဖြစ် ထောက်ခံမှုတွေ ရနေတယ်။

ဒါပေမယ့် ဂျာစီရဲ့ ရိုးရှင်းလွန်းမှုကို မနှစ်သက်တဲ့ ဝေဖန်ချက်တွေလည်း ရှိနေပါတယ်။ အရှိန်အဝါ ရှိပေမယ့် ဒီဇိုင်းရိုးစင်းလွန်းခြင်းဟာ NIKE ရဲ့ အားထုတ်မှု အားနည်းတာကို ပြသတယ်ဆိုတဲ့ စွပ်စွဲမှုတွေကလည်း ထွက်ပေါ်နေဆဲပါ။ ဂျာစီဒီဇိုင်းကို ရှင်းရှင်းလင်းလင်း ပုံစံ ဖန်တီးထားမှုဟာ မကြိုက်စရာ မဟုတ်ပေမယ့် ထူးပြီး သဘောကျစရာ မတွေ့ဘူးဆိုတဲ့ မှတ်ချက်တွေလည်း များပြားပါတယ်။

ထူးခြားမှုကတော့ ပြီးခဲ့တဲ့ နှစ်တွေကလိုပဲ ဂိုးသမား ဂျာစီက လူကြိုက်များနေတာပါပဲ။ လီဗာပူးအသင်း ထုတ်ပြတဲ့ ပုံရိပ်တွေမှာ အယ်လီဆန် ဝတ်ဆင်မယ့် အမ်ကွင်း ဂိုးသမားဂျာစီဟာ ခရမ်းရောင်ဖြစ်ပြီး ဆန်းသစ်တဲ့ အရောင် ရွေးချယ်မှုအတွက် နှစ်သက်ခံနေရပါတယ်။

ဒါတွေဟာ အစောပိုင်း တုန့်ပြန်မှုတွေတင်ဖြစ်ပြီး ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ဘောလုံးလောကရဲ့ တတိယမြောက် ဂျာစီ ရောင်းအကောင်းဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ လီဗာပူးအသင်းဟာ ဒီစံချိန်ကို လာမယ့်ရာသီမှာ ဆက်ထိန်းမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။