ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်ချိန်မှာ ခံစစ်မှူး နက်ဖီးလစ်ရဲ့ ကျေးဇူးကို မမေ့တဲ့ ယာဂင်ကလော့ပ်

လီဗာပူးအသင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်အပြီး မီဒီယာတွေ့ဆုံမှုမှာ ကလော့ပ်က အသင်းရဲ့ ခံစစ်သမား နက်ဖီးလစ်ကို ဂုဏ်ပြုစကားတစ်ခွန်း မမေ့မလျော့ ပြောဆိုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဗီလာရီးရဲလ်ကို ၃-၂ နဲ့ အနိုင်ရပြီး နှစ်ကျော့ပေါင်း ၅-၂ ဆိုတဲ့ ရလဒ်နဲ့အတူ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာပါ။ နောက်ဆုံး ၅ ရာသီအတွင်း ဗိုလ်လုပွဲကို ၃ ကြိမ် တက်ရောက်နိုင်မှုဖြစ်ပေမယ့် ဒီလိုဖြစ်လာဖို့ အဓိက ရုန်းကန်ပေးခဲ့တဲ့ ကစားသမားတစ်ဦးကို သတင်းထောက်တွေက သတိမပြုမိကြပါဘူး။

မနှစ်က ဘောလုံးရာသီမှာ ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်တို့ ဒဏ်ရာရနေခြင်းကြောင့် ခံစစ်ကြောင်းကို နက်ဖီးလစ်က ဦးဆောင်ခဲ့ပြီး ခါဘတ်၊ ရိုင်းဝီလီယမ်၊ ဖာဘင်ညိုတို့နဲ့ တွဲဘက်ကာ အသင်းကို ရလဒ်ကောင်းတွေရဖို့ ပုခုံးထမ်းပေးခဲ့တာပါ။ သူဟာ ပရီးမီးယားလိဂ်ပွဲ ၂၀ ကစားခဲ့ပြီး သူ့ရဲ့ စွမ်းဆောင်ရည်တွေ မပါရင် ဒီရာသီမှာ လီဗာပူးအသင်း ချန်ပီယံလိဂ် ဝင်ခွင့်တောင် ရမှာ မဟုတ်ပါဘူး။

လီဗာပူးအသင်း ပွဲကစားနေချိန်မှာပဲ ချန်ပီယံရှစ်ကလပ် ဘုန်းမောက်အသင်းထံ အငှားထွက်နေတဲ့ အသက် ၂၅ နှစ်အရွယ် ခံစစ်မှူးဟာ နော်တင်ဟမ်ဖောရက်စ်ကို ၁-၀ အနိုင်ရမှုနဲ့အတူ ဘုန်းမောက်အသင်း ပရီးမီးယားလိဂ်ထံ တန်းတက်နိုင်ရေး ပါဝင် ကူညီပေးနိုင်ခဲ့ပါတယ်။

မီဒီယာ အခန်းထဲက သတင်းထောက်တွေနဲ့ အမေးအဖြေတွေ လုပ်နေတဲ့ ကလော့ပ်က နောက်ဆုံး စကားအဖြစ် ” စကားမစပ်ပါ။ ဂုဏ်ပြုပါတယ် နက်ဖီးလစ်ရေ” လို့ ပြောဆိုပြီးမှ အခန်းထဲက ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

နက်ဖီးလစ်ဟာ ဒီနွေမှာ လီဗာပူးအသင်းထံ ပြန်လာဦးမှာဖြစ်ပေမယ့် ဘုန်းမောက်အသင်းကို အပြီးသတ်ဖြင့် ပြောင်းရွှေ့နိုင်တယ်လို့လည်း သတင်းကြီးနေတယ်။ ခံစစ်သမားဟာ ပုံမှန် ပွဲထွက်ခွင့်ရမယ့် အသင်းတစ်သင်းထံ ကူးပြောင်းလိုနေပြီး ကစားသမားရဲ့ ဆန္ဒအတိုင်း ဆုံးဖြတ်ခွင့်ကို ကလပ်နဲ့ နည်းပြကလော့ပ်တို့က ခွင့်ပြုမှာဖြစ်ပါတယ်။

ရိုင်းဝီလီယမ်ကတော့ ယူ-၂၃ အသင်းမှာ ရှိနေဆဲဖြစ်ပြီး လာမယ့်ရာသီမှာ ချန်ပီယံရှစ် ကလပ်တစ်သင်းထံ ထပ်မံ အငှားထွက်ဖွယ် ရှိနေတာဖြစ်ပါတယ်။