ဗိုလ်လုပွဲရောက်လို့ တက်ကြွနေပေမယ့် ဗီလာရီးရဲလ်နဲ့ အမ်မရီကို အရမ်းလေးစားတယ်ဆိုတဲ့ ကလော့ပ်

ယာဂင်ကလော့ပ်ဟာ လီဗာပူးအသင်းကို သူ့လက်ထက် ၃ ကြိမ်မြောက်အဖြစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲထံ ပို့ဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

၂၀၁၈ မှာ ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်ပြီး ၂၀၁၉ မှာ အနိုင်ရခဲ့ကာ ချန်ပီယံလိဂ် အတွေ့အကြုံတွေ ရှိထားပေမယ့်လို့ ဒီတစ်ကြိမ် ဗိုလ်လုပွဲ တက်နိုင်ခြင်းကို ပထမအကြိမ်လို ခံစားမိနေတယ်လို့ ကလော့ပ်က ဖွင့်ပြောခဲ့တယ်။

လီဗာပူးဝဘ်ဆိုဒ်က တစ်ဆင့် ကလော့ပ်က ” သိပ်ကောင်းတယ်၊ သိပ်မိုက်တဲ့ ဖီလင်ပဲ။ ရိုးရိုးသားသား ပြောရရင် ပထမအကြိမ် ဗိုလ်လုပွဲရောက်သလိုကို ခံစားရတယ်။ ဘာလို့လဲဆိုတော့ ဒီခံစားချက်က သိပ်မိုက်တယ်လေ။ ကျနော်အတွက်တော့ လီဗာပူးက ကမ္ဘာအကောင်းဆုံးကလပ်ပါပဲ။

ကျနော် မြတ်နိုးတယ်၊ တန်ဖိုးထားတယ်။ အားပေးသံက အစ အရာအားလုံးနဲ့ ချန်ပီယံလိဂ်ညတွေကို နှစ်သက်ပါတယ်။ ဗီလာရီးရဲလ်ကိုလည်း လေးစားပါတယ်။ သူတို့ရဲ့ ကွင်းက သိပ်ကောင်းတယ်။ သူတို့ရဲ့ ပရိသတ်တွေကလည်း သိပ်ကောင်းတယ်။ အူနိုင်း အမ်မရီ လုပ်နေတာကလည်း သိပ်ကောင်းပါတယ်။ ကျနော်တို့ ကစားသမားတွေကို ဖိအား ဝင်အောင် လုပ်ပြသွားတာတွေက သိပ်ကို ကောင်းလွန်းပါတယ်။

ဒီတော့ ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာ အရမ်းကောင်းတယ်လို့ ခံစားရတယ်။ ဘာလို့လဲဆိုရင် ဒါက သိပ်ခက်တဲ့ ကိစ္စလေ။ ဒါပေမယ့် အဆုံးမှာတော့ ကျနော်တို့ လုပ်နိုင်ခဲ့တယ်၊ ထိုက်တန်ခဲ့တယ်။ သိပ်ကောင်းတယ် ခံစားရတယ်။

ပထမပိုင်းလို အနေအထားက ဖြစ်နိုင်တဲ့ ကိစ္စပါပဲ။ ပုံမှန်ပါပဲ။ ဒါပေမယ့် ကျနော်တို့ ပြန်ပြီး တုန့်ပြန်ပြခဲ့တာက သိပ်ကောင်းပါတယ်။ အဲ့အတွက်လည်း ကျနော်တို့ ပျော်ရွှင်ရပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ မေလ ၂၉ ရက်နေ့မှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပါတယ်။